ပန်းပဲဆရာကြီး၏ ဆုံးမစကား

တနေ့မှာ ကောင်းလေးတယောက်ဟာ ဓားကျိုးလေး နှစ်စကို ကိုင်ပြီး အဖိုးဖြစ်သူ ပန်းဘဲဆရာထံ ရောက်ခဲ့တယ်။

"အဖိုးရေ အဖိုး"

"ဟေ ဘာလဲကွ မင်းမှာလည်း အလန့်တကြားနဲ့ ဘာကိစ္စ ရှိလို့လဲကွ"

ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်စလေး ဝဲပြီး တခုခုကို ကြောက်ရွံ့သော အနေထားဖြင့် "ဟိုလေ အဖိုး၊ မနေ့က သား ကျောက်တုံးကို ခုတ်ကစားနေရင်း ဓားမကြီးက ကျိုးသွားလို့ပါ အဖိုး။ အဖေပြောတယ် ဓားအသစ် မရရင် အိမ်ပြန် မလာနဲ့တဲ့ သားကို ကယ်ပါဦး အဖိုးရယ် ဓားမှ မရရင် သားအိမ်ပြန်မရဲ လို့ပါ အဖိုး"

"မင်းကလည်းကွာ တတ်တတ်ဆန်းဆန်း ကျောက်တုံးကိုမှ ဓားနဲ့ ခုတ်ရတယ်လို့ကွာ"

"ဟာ အဖိုးကလည်း သားပထမ အစမ်း ခုတ်ကြည့်ပြီး ပါပြီဗျ။ ဓားကမှ ဘာမှမဖြစ်တာ။ သားက ဒီဓားကို ယုံကြည်လို့ ကျောက်တုံးကို အပြတ်ခုတ်ဖို့ ဆုံးဖြတ်လိုက် မိတာပါ အဖိုး"

"ဟေ မင်းကလည်းကွာ၊ မင်းဓားက ဘယ်လာက် ကောင်းနေလို့လဲကွ။ ဘယ်လောက်ထိ ကောင်းတဲ့ဓား ဖြစ်နေပါစေ မာကျောတဲ့ အရာတခုကို ခုတ်ပါများတော့ သူ ဘယ်ခံနိုင်ပါ့မလဲ ကွယ်။

ဒီမှာ ငါးမြေး မှတ်ထား။ လောကကြီး ဟာလည်း အဲဒီ ဓားတလက်လို ပါဘဲ။ ကိုယ့်မှာ ပစ္စည်းဥစ္စာ ပညာအဏာ ရှိတိုင်း သူတပါးကို ဘာပဲလုပ်လုပ် လုပ်လို့ရတယ် ထင်ပြီး အရမ်းမလုပ်နဲ့။

သူတပါး အကြောင်း မသိခင်မှာ တခါနှစ်ခါ အသာရချင် ရပါလိမ့်မယ်။ အခါများလို့ အကြောင်း သိလာရင် ပေါင်းမိပေါင်းရာနဲ့ ပေါင်းပြီး မင်းဘဝကို ပြာကျသွားအောင် သူတို့တတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ ငါ့မြေး သတိထားပါ" "ဟုတ်ကဲ့ အဖိုး သားမှတ်ထားပါ့မယ်"

"အေးကွာ ကောင်းပါပြီ။ ကဲလာ ဖိုထဲသွားရအောင်။ ငါ့မှာလည်း တယောက်တည်းမို့ သံမီးဖုတ်ဖို့ မီးမွှေးပြီး မင်း ဖိုဆွဲပေးရလိမ့်မယ်"

"ဟာ အဖိုးကလည်း သားက မီးအပူမှ မခံနိုင်တာ။ မီးမဖုတ်ပဲ ဒီအတိုင်း ထုလို့ မရဘူးလား အဖိုး"

"တယ် ဒီကလေးနဲ့ တော့ ခက်တော့တာဘဲ။ အပူ မပေးဘဲ ဒီအတိုင်း ထုရင် မင်းဆီက လာတဲ့ ဓားနှစ်စ ငါ့ဆီ ရောက်မှ အစ တရာလောက် ဖြစ်သွားမှာပေါ့ကွ။ မှတ်ထားပါ မြေးလေး၊ ငါ့မြေးကို အဖိုးပြောစရာ တခု ကျန်သေးတယ်။

အပူဒဏ် မပေးဘဲ ဓားတလက်ကို လိုရာ ပုံသွင်း၍ မရတတ်သလို ဘာအပူပင် တခုမှ မရှိတဲ့ ဘဝတခု ကိုလည်း လိုရာ ပုံသွင်းဖို့ ခက်လှပါတယ်။ ဒါ့ကြောင့် မိဘနားနေ မိဘနားမှာ စားနေကြတဲ့ ငါ့မြေးတို့လို အရွယ်က အပူမပေးထားတဲ့ ဓားနဲ့ တူတယ်။

အခုလို မင်းအဖေက မင်းကို အပူတတ်ပေးတာ မင်းကို ပုံသွင်းလိုက်တာနဲ့ တူတူပါဘဲ မြေးလေးရဲ့။ လောကမှာ ပူပင် ဒုက္ခတွေ များလာလေလေ ကိုယ့်ဘဝအတွက် အမြင်ကျယ် လေလေပါ။ အဲ့ဒီလို အမြင်ကျယ်လေလေ ကိုယ့်ဘဝအတွက် ကိုယ် လိုရာပုံ သွင်းလို့ ရလေလေပါဘဲ မြေးလေး။

မိမိဘဝ မိမိဒုက္ခနဲ့ မိမိ ရင်မဆိုင်ခင် အချိန်ဟာ ဓားကောင်းတလက် ရရှိဖို့ ရိုက်နှက် ထုထောင်း ပုံသွင်းနေကြတဲ့ အဖိုးတို့လို ပန်းဘဲ ဆရာတွေ ရှိမှ ဖြစ်နိုင်သလို၊ ငါ့မြေးတို့လို အရွယ်တွေအတွက် သားကောင်းရတနာ တယောက် ဖြစ်ဖို့အတွက် ဟိန်းဟောက် ခြိမ်းခြောက် တတ်တဲ့ မိဘ ဆရာသမား ကောင်းတွေ ရှိမှဖြစ်မယ် ငါ့မြေးရဲ့" phoomyatchal

Post a Comment

0 Comments