ရင်ထဲက အာလူးပုပ်

တခါက မူလတန်း ကျောင်းဆရာမ တဦးဟာ သူ့အတန်းသား တပည့်တွေနဲ့ ကစားနည်း တခု ကစားကြည့်ရန် ဆုံးဖြတ်လိုက် ပါတယ်။ ဒါကြောင့် ဆရာမက ကျောင်းသားတဦးစီကို အားလူး အနည်းငယ်စီ ပလပ်စတစ် အိတ်ထဲ ထည့်ပြီး အတန်းထဲ ယူလာခဲ့ဖို့ မှာကြားလိုက် ပါတယ်။

ကိုယ်ယူလာတဲ့ အာလူးတလုံးစီမှာ ကိုယ်မုန်းတီးနေတဲ့ လူတယောက်ရဲ့ အမည်ကို မှည့်ပေးရမယ်။ ပလပ်စတစ် အိတ်ထဲထည့်ပြီး ယူဆောင်လာတဲ့ အာလူး အရေအတွက်ဟာ ကလေးတွေ မုန်းတီးတဲ့ လူအရေအတွက်ပေါ် မူတည်နေ ပါတယ်။

ဒီလိုနဲ့ ကစားနည်း စတင်မယ့် နေ့ကို ရောက်ရှိလာ ပါတယ်။ ကလေးတိုင်းက မိမိ မုန်းတီးတဲ့ လူများကို ကိုယ်စားပြုတဲ့ အာလူးများကို ယူပြီး ကျောင်းသို့ လာခဲ့ကြတယ်။ တချို့က နှစ်လုံး တချို့က သုံးလေးလုံး တချို့ဆိုရင် အာလူး တော်တော် များများကို ယူလာခဲ့ ကြပါတယ်။

ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားတဲ့ အာလူးများကို သွားလေရာ သယ်ဆောင် သွားရမယ်။ ယုတ်စွအဆုံး အိမ်သာ ဝင်ရင်တောင် ယူသွားရမယ်လို့ မှာကြားလိုက် ပါတယ်။ တပတ်လုံးလုံး ဒီအတိုင်း ပြုလုပ်ရမယ်လို့ စည်းကမ်း ထုတ်လိုက်ပါတယ်။

ဒီလိုနဲ့ တရက်ပြီး တရက် ကုန်ဆုံးသွားပါတယ်။ ကလေးတွေဟာ ပလပ်စတစ် အိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ အာလူးပုပ် အနံ့ကို ရှူ ရှိုက် ရတာကြောင့် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူ လာကြတယ်။

အာလူးများများကို သယ်ဆောင်ရသူဟာ သူများတွေထက် ပိုလေးတာကြောင့် ပိုပြီးတောင် ညည်းညူ ကြတယ်။ ဒီလိုနဲ့ တပတ် ပြည့်တဲ့အခါ ကစားနည်း ပြီးဆုံးသွားလို့ ကလေးများ စိတ်ပေါ့သွား ကြတယ်ပေါ့။

ဆရာမက "တပတ်လုံးလုံး မင်းတို့တတွေ အားလူးတွေကို သယ်ဆောင်ရတာ ဘယ်လို ခံစားမိကြသလဲ" လို့ မေးလိုက်ပါတယ်။ ကလေးများက သွားလေရာမှာ အနံ့ တထောင်းထောင်း ထနေတဲ့ ဒီအာလူးပုပ်တွေကို သယ်ဆောင်ရတဲ့ ဒုက္ခကို အကြီးအကျယ်ခံစားရကြောင်း ပြောဆိုကြတယ်။

အဲ့ဒီအခါကျမှ ဆရာမက ကစားနည်းရဲ့ တိန်မြှုပ်ထားတဲ့ အနက် အဓိပ္ပာယ်ကို ရှင်းပြလိုက်ပါတယ်။ "ဒါဟာ မင်းတို့ နှလုံးသားထဲမှာ သူတပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင် နေရတဲ့ အခြေအနေ အမှန်ကို ပြသခြင်းပဲ။

ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကို ညစ်နွမ်းစေတာ ပါပဲ။ ဒါကြီးကို မင်းတို့ သွားလေရာ သယ်ဆောင် သွားနေရတယ် မဟုတ်လား။

တပါတ်ဆိုတဲ့ အချိန်ကလေးတောင် အားလူးပုပ်ရဲ့ အနံ့ဆိုးကို မင်းတို့ သည်းမခံနိုင် ခဲ့ရင် တဘဝလုံး အတွက် မင်းတို့ရဲ့ နှလုံးသားထဲမှာ ထားရှိခဲ့တဲ့ အမုန်းတရားရဲ့ ရနံ့ဆိုးကို မင်းတို့ ဘယ်လိုလုပ် သည်းခံပြီး တွန်းလှန် နိုင်ပါ့မလဲ ဆိုတာ စဉ်းစားကြည့် ကြပေါ့ကွယ်" လို့ ဆရာမက ရှင်းပြလိုက် ပါတယ်။

ဒီပုံပြင်လေး အတိုင်းပါပဲ။ ကျွန်ုပ်တို့တတွေဟာ နှစ်ပေါင်းများစွာက ဒေါသတွေကို ဆက်လက်ပြီး မွေးမြူ ထားဦးမယ် ဆိုရင်တော့ ဘာမှ ခရီးရောက်မှာ မဟုတ်ပါဘူး။

ဒီတော့ ဒေါသ၊ ရန်ငြိုး၊ အမုန်းဆိုတဲ့ ရနံ့ဆိုးကြီးကို ခါးပိုက်ထဲ ထည့်ပိုက်ထားတဲ့အတွက် အမြဲတမ်း လိုလို ပေါက်ကွဲနိုင် ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး ဒုက္ခပေးနိုင် ပါတယ်။

နှစ်တွေ ကြာလာတာနဲ့အမျှ အာလူးလို ပုပ်သိုးနေတဲ့ အနံ့ဆိုးတွေနဲ့ မြွေပွေး ခါးပိုက်ထဲ ထည့်ထားသလို အလွန် အန္တရယ် ကြီးမားတဲ့ လက်နက်ကို ဆောင်ထားတဲ့အတွက် မိမိရော သူတပါးအတွက်ပါ မကောင်းမှုဆီ ဆိုတဲ့ ရလဒ်ကိုပဲ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် "ချစ်စကို ရှည်စေ" ဆိုတဲ့အတိုင်း မေတ္တာဖြင့် ပေါင်းသင်းပါ ဆက်ဆံပါ။ ပြုမူပါ။ အမျက် မထွက်သောသူ ကသာ အမျက် ထွက်နေသူကို အောင်နိုင်တယ် ဆိုတဲ့အတိုင်း ရန်ငြိုး ရန်စတွေကို ခဝါချကာ မေတ္တာလက်နက်များ တပ်ဆင်ပြီးတော့ လောကကြီးကို အလှဆင်နိုင် ကြပါစေလို့ တောင်းဆုပြုလျက်။ Crd

Post a Comment

0 Comments