အတွေးလွန် ဗူးပင်ကုန်

တခါက လယ်သမားကြီး တယောက်ဟာ အိမ်ရှေ့ ကွပ်ပျစ်အိုလေး ပေါ်မှာ အဆင်မပြေခြင်း များစွာဖြင့် စိတ်ပျက်လက်ပျက်ထိုင်နေရင်း ဆေးတံတိုကို ခဲကာ အိမ်ခြံဝင်း တံခါးပေါက်ဆီသို့ ငေးကြည့်နေခဲ့ မိလေ၏။

ထိုသို့ ငေးကြည့်နေရာမှ အိမ်ဝင်းတံခါးပေါက် အမိုးစင်လေးမှာ ခွေးနို့စို့သည့်ဟန် တွဲလီတွဲလောင်းဖြင့် အသီးပွင့်များ ဝေဝေဆာဆာ သီးပွင့်နေသော အလေ့ကျ ပေါက်သည့် ဗူးပင်ပျို တပင်အား သတိထားမိ သွားလေသည်။

ထိုအခါ စိတ်ပျက်လက်ပျက် ဖြစ်နေသော လယ်သမားကြီး၏ ခေါင်းထဲတွင် အတွေးတခု ဝင်းကနဲ လက်၍ သွားခဲ့‌လေ၏။

"အိုး ကြည့်စမ်းပါအုံး သီးနေလိုက်သည့် ဗူးသီးတွေ။ ငါလည်း ရေတစက်မျှ မလောင်းရပါပဲ သီးနေလိုက်ကြတာ ကြီးနေလိုက်ကြတာ ဒီဗူးသီးတွေကို ခူးပြီး ဈေးမှာ သွားရောင်းရ ရင်ဖြင့် ငွေတွေ အများကြီး ရ‌တော့မှာပဲဟေ့"

လယ်သမားကြီးမှာ ဆေးတံမှ ထောင်းကနဲ လွင့်တက်လာသော မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း အတွေးစိတ်ကူး နယ်ချဲ့မိ လေတော့သည်။

"မဟုတ်သေးဘူး ဒီထက် များလာအောင် ငါကိုယ်တိုင် ငါ့လယ်တောမှာ ဗူးပင်တွေ အများကြီး ထပ်စိုက်ရမယ်။ တပင်ကို ဒီလောက် သီးပုံမျိုးနဲ့ ဒီလောက်ငွေတွေ ရရင် အပင်တွေ အများကြီး သာဆို ငွေတွေလည်း ငါ့မှာ အများကြီး ရလာတော့မယ်လေ"

စိတ်ကူးဖြင့် သာယာနေသော လယ်သမားကြီးသည် ခဲထားသော ဆေးတံကို ဖွာထုတ်လိုက်ပြီး နှုတ်ခမ်းမွှေးကို ဟန်ပါပါ ပွတ်သပ်ကာ ကျေကျေနပ်ကြီးပင် ပြုံးနေမိတော့သည်။

"ဟုတ်ပြီ ဟုတ်ပြီ ဗူးပင်တွေ အများကြီး စိုက်ပြီး ငါ မြေတောင် မြှောက်‌ပေးရမယ်။

အသီးတွေ အများကြီး သီးလာပြီး ငွေတွေ အများကြီး ရလာရင် ငါပင်ပင်ပန်းပန်းနဲ့ လယ်လုပ်စရာ မလိုတော့အောင် ဆင်တကောင် ဝယ်ပြီး သစ်ကွင်းထဲကို ထည့်ထားလိုက် တော့မယ်။ ရလာတဲ့ အခကြေးငွေနဲ့ ငါတို့လင်မယား အေးအေးဆေးဆေး စားသောက် နေနိုင်ပြီလေ"

လယ်သမားကြီးမှာ စိတ်ကူးယဉ် အတွေးထဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေမိတော့သည်။ သို့သော် စိတ်ကူးအယဉ် လွန်သွားသောလယ်သမားကြီးမှာ

"ငါ ဆင်ကြီးကို စီးပြီး သစ်ကွင်းမှ ပြန်လာလျှင် အိမ်အဝင် ဗူးပင်နဲ့ လွတ်မှာ မဟုတ်ပေဘူး။ ငါ့ဆင်ကြီး အိမ်အဝင်မှာ ဒီဗူးပင်က အနှောက်အယှက် ပေးတော့မှာပဲ" ဟု တွေးမိသဖြင့်

ဆေးတံကို ပစ်ချ၊ ကွပ်ပျစ်ဘေးမှ ပေါက်တူးကို ဆက်ကနဲ့ ဆွဲကိုင်ရပ်ကာ ဗူးပင်ကြီး၏ အမြစ်အား ခုတ်ဖြတ်ချ လိုက်လေတော့၏။

ထိုအပြုအမူအား အမှတ်မထင် မြင်လိုက်သော အိမ်နီးချင်း တဦးမှာ အလွန်ပင် အံ့ဩသွားပြီး အဘယ့်ကြောင့် ဒီလောက် သီးပွင့်နေသည့် ဗူးပင်အား ခုတ်ဖြတ်လိုက်ရကြောင်း လယ်သမားကြီးအား မေးလေသည်။

လယ်သမားကြီးက သူ့အနေဖြင့် အိမ်ကို ဆင်စီး ဝင်လာတဲ့အခါ အနှောက်အယှက် ဖြစ်လာစေနိုင် သဖြင့် အခုလို နှိမ်လိုက်ရကြောင်း ရှင်းပြလေသည်။

ထိုအခါ အိမ်နီးခြင်း မိတ်ဆွေမှ လယ်သမားကြီးမှာ ဆင်တကောင် ရှိနေပြီလား ဟု တအံတဩဖြင့် ဆက်လက် မေးလိုက်ရာတွင်တော့ လယ်သမားကြီးမှာ အတွေးလွန်နေရာမှ သတိ ပြန်ဝင်လာကာ ဟာကနဲဖြင့် နောင်တကြီးစွာရပြီး ဗူးပင်သေ၏ ခြေရင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ငိုင်စင်းသွားခဲ့ လေတော့သည်။ Crd

Post a Comment

0 Comments