တခါက စီးပွားရေး လုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို တဒေါ်လာ ထည့်လိုက် ပါတယ်။ ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ်ကို ပြေးတက်သွား ပါတယ်။
နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေး ခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တချောင်းကို နှိုက်ယူလိုက် ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။
နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။ "ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တယောက် ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်း သတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ" လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ်။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တခုမှာ သားသားနားနား ဝတ်စားထားတဲ့သူ တယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။
"ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တယောက် ပါပဲ။
ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်" လို့ ပြောခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ "သူတောင်းစားပဲ" လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်က စပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲလို့ တွေးတောခဲ့တယ်။
စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင် ကျင့်သုံး ပြုမူ ခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။ မိမိအတွေး ပုံရိပ်ထဲမှာ "ငါဟာ သူတောင်းစားပဲ" လို့ တွေးပါ များရင် "ငါဟာ သူတောင်းစားပဲ" ဆိုတဲ့ အသံသာ အထပ်ထပ်ပြန်ကြား နေရမှာပါ။
"ငါဟာ လုပ်ငန်းရှင်ပဲ" လို့ တွေးလိုက်တာနဲ့ "ငါဟာ လုပ်ငန်းရှင်ပဲ" ဆိုတဲ့ အတွေးပဲ့တင်သံ ပြန်လာမှာ အသေအချာ ပါပဲ။
နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြ ပါတယ်။ ဒါတွေကို သင်က နှိုးဆွပေးလိုက် ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ် ထွက်ပေါ်ကာ သူ့ဘဝ တခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေးတယ်။
ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင်သင့်ကူညီမှုရဲ့ ပဲ့တင်သံ တွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေ ပါပဲ။
တခြားသူတွေရဲ့ ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်။ သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ်။ Crd
0 Comments