အပေါ်ယံကိုပဲ မကြည့်ပါနဲ့

တခါက လင်မယား စုံတွဲတတွဲ ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ် သွားတယ်။ အချိန် တော်တော်ကြာမှ အသက်ကယ် လှေတစင်း ရောက်လာတယ်။ အသက်ကယ်လှေ ပေါ်မှာ နေရာဆိုလို့ တနေရာဘဲ ကျန်တော့တယ်။

အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို သူ့အနောက် ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ် လှေပေါ် ခုန်တက်လိုက်တယ်။ အဲဒီ အမျိုးသမီး ကတော့ တဖြည်းဖြည်းချင်း နစ်မြုပ်နေတဲ့ သင်္ဘောပေါ်မှာ ရပ်ပြီး သူ့ယောက်ျားကို စကားတခွန်း အော်ပြောလိုက်တယ်။

ဒီနေရာအထိ ပြောပြီးတော့ ဆရာမက ကျောင်းသားတွေကို မေးလိုက်တယ်။ "မင်းတို့ ခန့်မှန်းကြည့် အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ" ကျောင်းသားတွေ ကတော့ အလုအယက် ဒေါနဲ့မောနဲ့ အော်ပြောကြတယ်။ "ငါနင့်ကို မုန်းတယ်၊ ငါကို ထားပစ်ရက်တယ်"

အဲဒီအချိန်မှာ ဆရာမက ကျောင်းသူလေး တယောက်ကို ဘာမှ မပြောတာကို သတိထားမိတော့ ဆရာမက သူ့ကို မေးလိုက်တယ်။ အဲဒီ ကျောင်းသူလေးက ပြန်ဖြေလိုက်တယ်။ "ဆရာမ သမီး ထင်တယ် အဲဒီ အမျိုးသမီး အော်ပြောလိုက် မှာက ငါတို့ ကလေးကို ကောင်းကောင်း ဂရုစိုက်ပေးပါ လို့"

ဆရာမက အံ့သြသွားတယ်။ သူ့ကို "အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လား" လို့ ပြန်မေးလိုက်တယ်။ ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်။ "ဟင့်အင်း သမီး မေမေ နေမကောင်း ဖြစ်ပြီး ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့ စကားပါ"

ဆရာမက ပြန်ပြောလိုက်တယ်။ "အဖြေမှန်ပါတယ်ကွယ်။ သင်္ဘော နစ်မြုပ်သွားပါတယ်။ ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး သမီးလေးကို ကြီးပြင်းလာတဲ့ အထိ ကိုယ်တိုင်ပြုစု စောင့်ရှောက် ပေးခဲ့တယ်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီ ယောက်ျားဟာလည်း ရောဂါနဲ့ ဆုံးပါးသွားတော့ သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်ကို တွေ့တယ်။

အဲဒီအချိန် ရောက်မှ သူသိလိုက်တယ်။ ဖေဖေနဲ့ မေမေ သင်္ဘောအတူ စီးတဲ့ အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ အရေးပေါ် အချိန်မှာ ဖေဖေဟာ အသက်ရှင်ဖို့ တမျှင်သာရှိတဲ့ နေရာကို အရောက်ပြေး ခဲ့တယ်။

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာ ရေးထားတာက "ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ နစ်မြုပ်သွားလိုက် ချင်ပါတယ်။ ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး။ သမီးလေး အတွက်ကြောင့် ဒီပင်လယ်ရေနက် အောက်မှာ နင်တယောက်ထဲကို ထားခဲ့လိုက်ရ တာပါ"

ပုံပြင်ပြောလို့ ပြီးသွားပါပြီ။ အခန်းထဲမှာလဲ ငြိမ်သက် သွားပါတယ်။ ဆရာမက သိတယ်။ သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို နားလည်လိမ့်မယ်လို့။

လောကမှာရှိတဲ့ ကောင်းခြင်း ဆိုးခြင်း ဆိုတာတွေ တခါတလေမှာ ပွေလီရှုပ်ထွေး လှပါတယ်။ ပိုင်းခြားရမှာ ခက်ခဲလှပါတယ်။ ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲ ကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်းခြားလို့ မရပါဘူး။

ပိုက်ဆံ ရှင်းချိန်မှာ ပိုက်ဆံကို အရင်ထုတ်ပြီး ရှင်းတဲ့သူဟာ သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့ မဟုတ်ဘူး။ သူက ဒီသူငယ်ချင်း သံယောဇဉ်ကို ငွေကြေးထက် ပိုပြီး အလေးထား လို့ပါ။

အလုပ် လုပ်ချိန်မှာ အသိစိတ်နဲ့ ပိုပြီး ကြိုးစားလုပ်တဲ့ သူဟာ အ နေလို့မဟုတ်ဘူး။ သူက တာဝန်သိတတ် လို့ပါ။ ရန်ဖြစ်တဲ့ အချိန်မှာ အရင်ဆုံး တောင်းပန်တဲ့ သူဟာ သူမှားနေလို့ မဟုတ်ဘူး။ ကိုယ့်ဘေးက လူကို သူ တန်ဖိုးထားရမှန်း သိနေလို့ပါ။

မင်းကို အမြဲ ကူညီနေတဲ့ သူဟာ မင်းဆီကနေ တခုခု ပြန်ရဖို့ တောင့်တနေတာ မဟုတ်ပါဘူး။ မင်းကို သူငယ်ချင်း အစစ်တယောက် အနေနဲ့ တန်ဖိုးထားလို့ပါ။ မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့ သူဟာ သူအားယားနေလို့ မဟုတ်ပါဘူး။ ဒါဟာ သူ့စိတ်ထဲမှာ မင်း ရှိနေလို့ ပါဘဲ။ တန်ဖိုးသိမှသာ တန်ဖိုးရှိမှာပါ။ phoomyatchal

Post a Comment

0 Comments