တခါတုန်းက ဘုရင်ကြီးက ပညာရှိ အမတ်၂ ယောက်ကို သူ့ကျန်းမာရေး ခန့်မှန်းခိုင်း ပါတယ်။
ပထမ အမတ်က "ဘုရင်ကြီးရဲ့ အမျိုးတွေ ဆုံးပြီး၊ ဘုရင်ကြီးရဲ့ အနားက လူတွေလည်း အကုန် ဆုံးပြီးမှ ဘုရင်ကြီး ကံကုန်ပါလိမ့်မယ်" လို့ ပြောလိုက်တော့ ဘုရင်ကြီးဟာ အမြတ်ချောင်းချောင်း ထွက်ပြီး အမတ်ကို ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။
ဒုတိယအမတ် ကတော့ "အရှင်မင်းမြတ်ဟာ အရှင်မင်းမြတ်ရဲ့ အမျိုးတော်တွေ အားလုံးထဲမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ် ဘုရား" လို့ ပြောလိုက်တော့ ဘုရင်ဖြစ်သူဟာ သဘောကျပြီး ဆုတွေ ချီးမြှင့်ပါသတဲ့။
ရေဒီယိုမှ ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ် ဖြစ်ပါတယ်။ တကယ်တော့ အဖြေနှစ်ခုက အတူတူ ပါပဲ။ ဒါပေမယ့် လျှောက်တင်ပြပုံ၊ စကားပြော မတတ်တော့ ပထမအမတ်ခမျာ အလုပ်ပြုတ်သွား ရှာပါတယ်။ ဒုတိယအမတ် ကတော့ ဆုတွေတောင် အချီးမြှင့် ခံရပါသေးတယ်။
ပြင်ပလက်တွေ့ လောက မှာလည်း ပထမအမတ်လို လူမျိုးတွေ အများကြီး တွေ့ဖူးပါတယ်။ စကားဆိုကို ချွဲပြစ်ပြီး ဖားတာကို အားပေးနေခြင်း မဟုတ်ပါ။ ဒါပေမယ့် စကားကို နားဝင်ချိုအောင် ပြောတတ်ဖို့တော့ လိုပါတယ်။
အထူးသဖြင့် စီးပွားရေး၊ လူမှုရေးမှာ လူဝင်ဆံ့ ပါတယ်။ ဘုဘောက် နဲ့ဆို ဘယ်သူကမှ စကား မပြောချင်ပါဘူး။ လူဖြောင့်ကြီးလိုလို ဘာလိုလိုနဲ့ ကျနော့် မျက်လုံးထဲမှာတော့ လူ့အခြေခံ ယဉ်ကျေးမှုကို လေ့လာ သင်ယူ ကျင့်သုံးဖို့ ပျင်းရိသူ လို့ပဲ မြင်မိပါတယ်။
အလေ့အကျင့် တွေဟာ အမိမွေးတည်းက ပါလာကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ပြုပြင်ခဲ့ရတဲ့ အလေ့အကျင့် တွေလည်း ရှိပါတယ်။ ငါက ဒီလိုပဲ နေတတ်တယ် ဆိုရင်တော့ တယောက်တည်း နေရဖို့ များပါတယ်။
တယောက်တည်း နေရတာ ကိစ္စ မရှိပါဘူး။ သူများကို ဒုက္ခမပေးသ၍ ကိစ္စ မရှိပါဘူး။ စကားပြောတိုင်း သူများ စိတ်မချမ်းသာအောင် လုပ်မိနေတယ် ဆိုရင်တော့ သိပ်မဟန်လှ ပါဘူး။
လိမ်ပြီး ပြောဖို့လည်း ပြောနေတာ မဟုတ်ပါဘူး။ အထက်ပါ ပုံပြင်လေးကို ပြန်ဖတ်ရင် သဘောပေါက် ပါလိမ့်မယ်။
အမှန်တရား ကိုတောင် နားဝင်ချိုအောင်လည်း ပြောလို့ ရသလို နားဝင်ဆိုးအောင်လည်း ပြောလို့ ရပါတယ်။ မိမိ ပြောပုံ ပေါ်မှာပဲ မူတည်ပါတယ်။ စကားပြောတတ်ခြင်းဟာ ဘဝအောင်မြင်မှု နဲ့လည်း တကယ်ကို ဆက်စပ်နေပါတယ်။ Crd
0 Comments