တခါတုန်းက ရွာတရွာမှာ ပန်းပုဆရာ တယောက် ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ်ကို ပီပြင်အောင် ထုပေးနိုင်တယ်။
သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင် လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။ ဒီတော့ တပည့်လက်သား အဖြစ်နဲ့ ပညာသင်ချင်တဲ့ သူတွေ ကလည်း များတယ်။
ဒါပေမယ့် လာလိုက် သမျှ တပည့်တွေ ကလည်း ဆရာ့လက်ရာကို မမှီနိုင်ဘူး။ အဲဒီလိုနဲ့ တနေ့ကျတော့ ပန်းပုဆရာကို လူတယောက်က မေးတယ်။
"ဆရာထုတဲ့ အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ်က ဘာကြောင့် ကွာခြားရ တာလဲ။ ဆရာ့ လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲ" လို့ မေးတယ်။
ဒီတော့ ပန်းပုဆရာက "ကျုပ်တို့မှာ အခြေခံ အနေနဲ့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။
ဥပမာ ဆင်ရုပ် ထွင်းမယ် ဆိုပါတော့။ ဒီသစ်ပိုင်းထဲ ကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ်အပိုင်း ဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက်လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။
မလိုတဲ့ အပိုင်းကို ဖယ်ထုတ်လိုက် နိုင်တော့ ထွင်းတဲ့ လက်ရာက ပိုပြီး ပီပြင်တာပေါ့ဗျာ။
ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန် ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ" တဲ့။
ကျွန်တော်တို့ တတွေလည်း ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင် လုပ်ရပါမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့ အတွက် မလိုအပ်တဲ့ အရာတွေကို ပြတ်ပြတ်သားသား ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။
အဲဒီ အထဲမှာ အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေ၊ ဒါ့အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။ ဟုတ္ပါတယ်။ မလိုအပ်တဲ့ အရာတွေကို ဖယ်ထုတ်လိုက်ပါတော့။ Crd
0 Comments