မပြည့်နိုင်သော ခွက်တလုံး

တခါက အလွန်အာဏာကြီးတဲ့ ဘုရင်တပါး ရှိသည်။ တနေ့တော့ ရှင်ဘုရင်ဟာ နန်းတော်ထဲမှ တယောက်ထဲ တိတ်တဆိတ်ထွက်ပြီး တိုင်းပြည်အတွင်း လှည့်လည်သည်။ ထိုသို့ လှည့်လည်စဉ် သူတောင်းစား တယောက်ကို တွေ့မြင်မိသည်။ သူတောင်းစားကို တွေ့တော့ ရှင်ဘုရင်က မေးသည်။ "မင်း ဘာလိုရှိသလဲ"

ထိုအခါ သူတောင်းစားက သဘောကျစွာ ရယ်မော၍ "ဘယ်လို သင်က ငါ့ အလိုဆန္ဒတွေ ဖြည့်ဆည့်ပေးနိုင်သူ တယောက်လို မေးနေတာလား" ဟု ပြန်ဖြေ လိုက်သည်။ ရှင်ဘုရင်က သူတောင်းစား ဖြေကြားချက်ကို နားထောင်ပြီး စိတ်မကျေမနပ် ဖြစ်ကာ

"ငါက ဘုရင်ကွ။ မင့် အလိုဆန္ဒတွေကို ပြည့်ဝသွားအောင် ဖြည့်ဆည်း ပေးနိုင်တယ်။ ပြောစမ်း ဘာတွေမင်း လိုအပ်နေသ လဲ။ မင်းလိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ်လို့ ငါ အာမခံတယ်"

သူတောင်းစားက အလေးမထားသော မျက်နှာဖြင့် "သင်က ငါရဲ့ အလိုဆန္ဒတွေ ဖြည့်နိုင်တယ်လို့ အာမ မခံခင် သေချာ စဉ်းစားသင့် တယ်နော်" ဤသို့ သူတောင်းစားက စဉ်းစားဖို့ ပြောကြားသည့်တိုင် ရှင်ဘုရင်သည် မိမိရဲ့ ကြီးမြင့်သော အာဏာကို မှီလျက် "မင်းလိုအပ်တာ ငါဖြည့်ပေးနိုင်တယ်" ဟုသာ ထပ်ခါ ပြောကြားသည်။

(ရှင်ဘုရင်ကြီး မသိတာက သူတောင်းစားဟာ စင်စစ် သူတောင်းစား အစစ် မဟုတ်ပါဘူး။ သူဟာ အတိတ်ဘဝ တုန်းက ရှင်ဘုရင်ကြီးရဲ့ ဆရာအရှင် ဖြစ်ခဲ့ဖူးပြီး၊ အခုလို တွေ့ဆုံခြင်း ကလည်း ရှင်ဘုရင်ကို အသိဉာဏ် ပွင့်စေဖို့နှင့် မာန်မာန ကြီးသော စိတ်ထားမှ လွတ်မြောက် စေဖို့အတွက်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကျွတ် တရား ရစေဖို့ ဖြစ်ပါတယ်)

သူတောင်းစားသည် ခွက်တလုံးကို ရှင်ဘုရင်ရှေ့ ထိုးပေးလျက် "သင်က ကျွန်ုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းမယ် ဆိုလျှင် ဒီခွက်ကိုသာ သင်ဖြည့်ဆည်းလိုရာ ဖြည့်ပြီး ခွက်ပြည့်သွားအောင် လုပ်ပေးပါ" ဟု ရိုးရှင်းစွာပင် ပြောဆိုသည်။

ဘုရင်က ဖြစ်စေရမယ်ဟု ပြောကာ သူ့အစေခံကို ဆင့်ခေါ်လျက် သူတောင်းစား ခွက်ထဲသို့ ပိုက်ဆံတွေထည့် ပြီး ဖြည့်ပေးလိုက်ဖို့ ပြောသည်။အစေခံလည်း ပိုက်ဆံ တချို့ကို ယူဆောင်လျက် သူတောင်းစားခွက်ထဲသို့ ထည့်ပေး လိုက်သည်။

အစေခံ ပိုက်ဆံထည့် နေစဉ်တွင် ခွက်ထဲ ကျသွားသည့် ပိုက်ဆံဟာ ပျောက်ကွယ်သွားသည်။ ခွက်က မူလအတိုင်း ဗလာဖြစ် သွားသည်။ ထို့နောက် အစေခံက ပိုက်ဆံတွေ ထပ်ခါ ထည့်သည်။

ခွက်ထဲ ရောက်သမျှ ပိုက်ဆံကလည်း ပျောက်ကွယ်သွားပြီး ခွက်ဟာ မူလအတိုင်း ဗလာ ဖြစ်လျက်ပင်။ ပိုက်ဆံ ဘယ်လောက် ဖြည့်ဖြည့် ခွက်ဟာ ပြည့်လာတယ် ဆိုတာ မရှိဘူး။

ရှင်ဘုရင်က သူ့အစေခံကို စိန်တွေ၊ ပုလဲတွေ၊ ရတနာတွေ ယူခဲ့ပြီး ခွက်ထဲထည့်ဖို့ ပြောသည်။ အစေခံလည်း ဘုရင် အမိန့်အတိုင်း ရတနာတွေကို ခွက်ထဲထည့်လိုက် ပြန်သည်။

ရတနာတွေ ကလည်း အရင်ပိုက်ဆံတွေ အတိုင်း ပျောက်ကွယ်သွား ပြန်သည်။ ခွက်က အောက်ခံ အပိတ် မပါသည့် အလားပင် ဖြစ်နေသည်။ ဘာဝတ္ထုပစ္စည်း ထည့်ထည့် ပျောက်ကွယ်သွားသည်။

ဒီလိုနဲ့ ညနေစောင်းချိန် ရောက်ခဲ့ပါပြီ။ ပတ်ပတ်လည်မှာ လူအများကလည်း မျက်လှည့်ပွဲ ကြည့်သလို ဝိုင်းအုံ၍ ကြည့်နေကြသည်။ နောက်ဆုံးမှာ ရှင်ဘုရင်သည် ခွက်ကို ဘယ်တော့မှ ပြည့်အောင် မဖြည့်နိုင်တော့ကြောင်းဖြင့် သူတောင်းစားကို အရှုံးပေး ဝန်ခံလိုက်သည်။ ရှင်ဘုရင်က ပြောပါတယ်။

"သင် နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်ုပ် တောင်းဆိုပါရစေ၊ သင်ထွက်မသွားခင် အသင့်ခွက်ဟာ ဘာနဲ့ လုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်း ပြောကြားခဲ့ပါ" ထိုအခါ သူတောင်းစားက ပြန်ဖြေတယ်။ "ဒီခွက်ဟာ လူ့စိတ်နဲ့ လူ့အလိုဆန္ဒ များဖြင့် ပြုလုပ်ထားသည့် ခွက်ပါ"

လူ့အလိုဆန္ဒ တွေဟာ အမျိုးမျိုး ပြောင်းလဲနေတယ် ဆိုတာ ကျွန်ုပ်တို့ သိနားလည်ထားရမှာ ဖြစ်ပါတယ်။ ပထမ ကျွန်ုပ်တို့ဟာ အလိုဆန္ဒ တခုအပေါ် စိတ်လှုပ်ရှားစွာ ဖြစ်နေသောကြောင့် ထိုအလိုဆန္ဒကို ဖြည့်ဆည်း လိုက်တယ်။

အဲဒီလို ဖြည့်ဆည်းလိုက်တဲ့အခါ ရုတ်တရက်ပဲ ဒီအလို ဆန္ဒဟာ အဓိပ္ပါယ် မရှိတော့သလို ခံစားလိုက်ရတယ်။ စိတ်လှုပ်ရှားမိသည့် အလျောက် မိမိရဲ့ အလိုဆန္ဒကို ပြည့်ဝသွားအောင် ဖြည့်လိုက်တယ်။

ဖြည့်လိုက်ပြီးတဲ့ အခါ ထိုအလိုဆန္ဒက ပြည့်ဝသွားတာ မဟုတ်ပဲ၊ ခွက်ထဲ ထည့်လိုက်မိသည့် အရာဝတ္ထုတွေလို ပျောက်ကွယ်လျက် နောက်ထပ် အလိုဆန္ဒ အသစ်တွေ ကိုသာ ထပ်ဖြည့်ချင် နေပြန်ပါတယ်။

အလိုဆန္ဒတွေ တခုမှ တခု ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားသလိုပဲ အမျိုးမျိုး ဖြည့်ဆည်း ကြတယ်။ မည်သို့ပင် ဖြည့်ဆည်းကြ စေကာမူ လူ့အလိုလောဘ ဆိုတာ သူတောင်းစားရဲ့ မှော်ဆန်သော ခွက်လိုပါပဲ။

ထည့်သလောက်လည်း မပြည့်ပါဘူး။ ပျောက်ကွယ်သွား ကြတယ်။ နောက်ထပ် အလိုဆန္ဒအသစ်တွေ ထပ်ဖြည့်ကြ ပြန်တယ်။ ခွက်ကား မပြည့်၊ ဗလာဖြစ်မြဲ လိုအပ်နေ မြဲသာ။

အမှန်တရားရှာသည့် ခရီးလမ်း ဆိုတာ လူ့အတွင်းမနောသာ ဖြစ်ပါတယ်။ လူ့အတွင်းမနောမှ တွေ့ရတဲ့ လူသား အလိုဆန္ဒဆိုတာ ဘယ်သောအခါမှ အဆုံးသတ်မရှိ၊ ပြီးသွားတယ်၊ ပြည့်သွားတယ်ဆိုတာ မရှိပါ။

သူတောင်းစား မှော်ခွက်ကဲ့သို့ ဘယ်လောက် ဖြည့်ဖြည့် မပြည့်။ ဖြည့်ဆည်းသလောက်လည်း အဖတ်တင် ကျန်ရစ်တယ် ဆိုတာ မရှိပါဘူး၊ အားလုံး ပျောက်ကွယ်သွားတာ ချည်းပါပဲ။ Crd

Post a Comment

0 Comments