မပေါင်းသင့်သူကို ပေါင်းမိသူ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး လက်ထက်တွင် သာသနာတော်ကို ကြည်ညိုလေးမြတ် လှသောကြောင့် လူဝတ်ကြောင်ကို စွန့်ပြီးနောက် ရဟန်းဘဝတွင် အားထုတ် ကြိုးပမ်းကာ သာသနာ အကျိုး ဆောင်ရွက်သူ များစွာ ပေါ်ပေါက် လာပါသည်။ သို့သော် ရဟန်းများထဲ တွင်လည်း ဆုံးမရ ခက်သော ပြောဆိုရခက်သော ရဟန်းများလည်း ပေါ်ထွက်ခဲ့ပါသည်။

ထိုသို့သော ရဟန်းများ ကိုလည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မေတ္တာကို ရှေ့ထားပြီး ပုံဆောင်ကာ ဟောပြော ညွှန်ပြ ဆုံးမတတ်သည်။ ဆိုဆုံးမရ ခက်သော ရဟန်းတပါးကို ဘုရားရှင်က မြွေကို ခါးပိုက် ပိုက်ထားသည့်နှယ် ဖြစ်နေရပုံအား ဆင်ခြင်နိုင်ရန် အောက်ပါ ဇာတ်တော်ကို ဟောကြားတော် မူခဲ့သည်။

ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း နန်းစံစဉ်အခါက ဖြစ်သည်။ ထိုအချိန်တွင် ဘုရားလောင်းသည် ကာသိတိုင်း၌ စည်းစိမ်ဥစ္စာ ချမ်းသာသည့် မျိုးနွယ်တွင် မွေးဖွားလာသည်။ အရွယ် ရောက်လာသည့် အခါတွင် ကာမဂုဏ် စည်းစိမ် ခံစားရခြင်း၏ အပြစ်များကို ဆင်ခြင် သုံးသပ်မိလေသည်။

ထို့ကြောင့်လည်း သာသနာ့ ဘောင်အတွင်း ဝင်ကာ ရသေ့ရဟန်း ဘဝဖြင့် ကျင့်ကြံ အားထုတ်ရန် စိတ်ဖြစ်လာပြီး ဟိမဝန္တာ တောအတွင်း ဝင်လာကာ ရသေ့ဘဝဖြင့် နေထိုင်လေသည်။

ရသေ့ဘဝဖြင့် သမာဓိ ရစေရန် စူးစိုက်ကာ ကျင့်ကြံအားထုတ်မှု များကို ပြုရသည်။ ကသိုဏ်း ကျင့်ကြံအားထုတ်မှု အားကောင်းသည့် အခါတွင် ကောင်းကင်၌ ပျံသန်းနိုင်သည်အထိ ဈာန်များ ရရှိသော ပုဂ္ဂိုလ်ဖြစ်လာ လေတော့သည်။

သူ့ကို ယုံကြည်ကိုးကွယ်သူတွေလည်း များလာသဖြင့် ရသေ့ငါးရာ ခြံရံထားသည့် ဂိုဏ်းဆရာရသေ့ကြီး ဘဝကို ရောက်ရှိသွား ခဲ့လေသည်။

ရသေ့ကြီးထံတွင် တပည့်ပေါင်းများစွာ အနက် တဦးသော ရသေ့တပါးသည် ကျောင်းသင်္ခန်း တခုတွင် နေထိုင်စဉ် ကျောင်းဆီသို့ မြွေဟောက်တကောင် မျက်စိလည်ကာ ရောက်လာသည်။

ရသေ့ကလည်း ထို မြွေဟောက်ကို ကြင်နာသနားသဖြင့် ကောက်ယူမွေးထားလေသည်။ ရသေ့သည် မြွေကို ဝါးလုံးခေါင်း တခုအတွင်း ထည့်ထားပြီး အစာများ ကျွေးထားသည်။ မြွေသည် ဝါးလုံးခေါင်းထဲတွင် နေထိုင်ရသဖြင့် ဝါးလုံးကို အစွဲပြုပြီး ဝေဠုက ဟု ခေါ်ကြသည်။

မြွေမွေးထားသော ရသေ့ကိုလည်း ဝေဠုကပိတာဟု ခေါ်စမှတ် ပြုကြလေသည်။ ဝေဠုကအဖေဟု ဆိုလိုရင်း ဖြစ်သည်။ ရသေ့များကြားတွင် မြွေမွေးထားသည့် ဝေဠုကပိတာ အကြောင်းကို ဂိုဏ်းဆရာကြီး ကြားလျှင် ခေါ်ယူဆုံးမလေသည်။

"ငါ့ရှင် သင်သည့် မြွေဟောက်တကောင်ကို မွေးမြူထားသည်မှာ မှန်ပါသလော" "မှန်ပါသည်အရှင်" "အဘယ်ကြောင့် အန္တရာယ်ရှိသူကို မွေးထားသနည်း" "မြွေဟောက်သည် ကျွန်ုပ်အား အန္တရာယ် မပေးပါ။ ချစ်ကျွမ်းဝင်လျက် နေပါပြီ"

"အဆိပ်ရှိသော သတ္တဝါ ဆိုသည်မှာ မွေးမြူကောင်းသည် မဟုတ်။ အဆိပ်ရှိသူနှင့် အကျွမ်းမဝင်လေနှင့်။ အဆိပ်ရှိသော သတ္တဝါကြောင့်ပင် သင်သည် တနေ့တွင် ဒုက္ခရောက်ရ လိမ့်မည်။ အဆိပ်ရှိသူသည် အန္တရာယ် ပြုနိုင်သည့်မျိုးပင် ဖြစ်သည်" ဟု ဝေဠုကပိတာကို ပြောဆို ဆုံးမလေသည်။ မြွေကို ချစ်ခင်မြတ်နိုးမိသဖြင့် ရသေ့သည် ပြောစကားကို နားမထောင်ဘဲ ဆက်လက် မွေးမြူထားမိလေသည်။

ရသေ့တို့သည် နေ့စဉ် တောထဲသွားပြီး စားသောက်ရန် အတွက် သစ်သီးတို့ကို ရှာကြရလေသည်။ မြွေမွေးထားသော ရသေ့ကလည်း တနေ့တွင် တောထဲသို့ သစ်သီးရှာ သွားရတော့မည် ဖြစ်သောကြောင့် သူမွေးထားသော မြွေကို ဝါးလုံးခေါင်းထဲ ထည့်ကာ အလုံပိတ်ပြီး တောကို ထွက်သွားလေသည်။ ယခင်ကလည်း ဤအတိုင်းပင် မြွေကို ဝါးလုံးခေါင်းထဲ ထည့်ပြီး တောထဲသွားကာ သစ်သီးများကို ရှာဖွေနေကျ ဖြစ်သည်။

နေ့ချင်းပြန် သွားလာရသော ခရီးဖြစ်သဖြင့် မြွေကို ထားသွားရသည်မှာ အကြောင်း မဟုတ်ခဲ့။ ယခုခရီးမှာ သစ်သီးရှာရင်း နှစ်ရက်၊ သုံးရက်ခန့် ကြာမြင့်သွားလေသည်။ ရက်ကြာသွားသဖြင့် ရသေ့သည် ကျောင်းသို့ ရောက်ရောက်ချင်း မြွေကို သတိရကာ ဝါးလုံးထဲမှ သွားထုတ်ပေး လေသည်။

"ချစ်သား ငါ ရက်ကြာသွားသည်။ သင်ဆာလောင်နေ ပေရော့မည်။ ထွက်ခဲ့လော့" ဟု ဆိုကာ ယခင်အတိုင်း ဝါးလုံးခေါင်းကို ဖွင့်ပြီး လက်ဝါး ဖြန့်ပေးလိုက်လေသည်။

မြွေက ယခင်ကလည်း လက်ပေါ် တက်လာနေကျ ဖြစ်သည်။ ယခုအခါ အစာ မစားရသည်မှာ ရက်က ကြာသွားသည့် အပြင် ပိတ်လှောင်ထားသည်ကို ဒေါသထွက်နေသည့် မြွေဟောက်က အမျက် ထွက်လေတော့သည်။

အရိုင်းစိတ် ဝင်နေသော မြွေဟောက်သည် လက်ဖြန့်ကာ ခံနေသည့် သခင့်လက်ကို မမြင်တော့ဘဲ ဒေါသဖြင့် ကိုက်ခဲလိုက် လေတော့သည်။ မြွေကိုက်သည့်ဒဏ်ကို ဝေဠုကပိတာ ရသေ့သည် ပြင်းထန်စွာ ခံစားရပြီးနောက် အသက်ဆုံးရ လေတော့သည်။ မြွေသည် ကျောင်းအောက်သို့ လျှောဆင်းပြီး တောထဲ ဝင်သွားလေ တော့သည်။

တပည့်ရသေ့အပေါင်းသည် ဝေဠုကပိတာရသေ့ သေလွန်ကြောင်းကို ဂိုဏ်းဆရာ ရသေ့ကြီးကို သွားပြောကြ လေသည်။ သေလွန်သည့် ရသေ့ကို စိတ်မကောင်းစွာဖြင့် ရသေ့အပေါင်းသည် သင်္ဂြိုဟ်ကြလေသည်။ ဂိုဏ်းဆရာ ရသေ့ကြီးကလည်း

"ငါ့ရှင် ရသေ့အပေါင်းတို့ အကျိုးစီးပွားကို လိုလားသဖြင့် ဆုံးမသော ဆရာသမား၏ စကားကို နားမထောင်ဘဲ၊ အကျိုးယုတ်သည့် အပြုအမူကို ဆက်လုပ်ခြင်းဖြင့် ဝေဠုကပိတာ ရသေ့ကဲ့သို့ သေဆုံးရခြင်းကို ရောက်လိမ့် မည်" ဟု ဆုံးမတော် မူပါသည်။ (ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ ဝေဠုကဇာတ်) တင်ညွန့်

Post a Comment

0 Comments