ချိုးငှက်အုပ်ကြီး တခုလုံးမှာ ချိုးငှက် ဘုရင်က ဉာဏ်ပညာ အကြီးဆုံး ပဲတဲ့။ ဒါကြောင့်ပဲ တခြား ချိုးငှက်တွေက သူ့ကို ခေါင်းဆောင်အဖြစ် ရွေးထားတာပဲ မဟုတ်လား။
နေရောင်ခြည် ဖြာတဲ့ တခုသော နံနက်ခင်းမှာ ချိုးငှက် ဘုရင်ဟာ အသိုက်ထဲမှာ နိုးထလာပြီး အတောင်တွေကို ဆန့်ကား နူးညံ့တဲ့ ငှက်မွှေးတွေကို ခါထုတ်လိုက်တယ်။
"နံနက်စာ စားကြရမယ့် အချိန်ပဲဟေ့" လို့ ငှက်အုပ်ကို သူက အသံပေး လိုက်တယ်။ "အပြင်ထွက်ပြီး စားစရာလေးတွေ ဖန်တီး ရှာဖွေကြစို့" လို့ အော်လိုက်သေးတယ်။ ကဲ ငှက်အုပ်ကြီးဟာ အတောင်စုံ ဖြန့်ပြီး နံနက်ခင်း နေရောင်ခြည် အောက်မှာ ပျံသန်းကြပြီလေ။
သူတို့ဟာ မြို့တွေ ပေါ်ကနေ ပျံတယ်။ ဥယျာဉ်ကြီးတွေမှာ ကျက်စား ကြတယ်။ ဘုရားကျောင်းဆောင်တွေ အများကြီး ရှိတဲ့ တောင်ကုန်းတွေပေါ် တက်ကြတယ်။
ညနေ အိပ်တန်း မတက်ခင် အထိ အစာ ရှာစားလိုက်၊ ပျံသန်းလိုက်ပေါ့။ တချို့ နေ့တွေမှာ ကျနေတဲ့ ပေါင်မုန့် အစလေးတွေ၊ သလေးဆန် အစေ့လေးတွေ၊ ပိုးကောင်လေးတွေ ကိုတောင်မှ မရတတ်ဘူး။
ချိုးငှက် အငယ်ကောင်လေး တကောင်က ကင်းထောက် ထွက်ကြည့်ရင်း ညောင်ပင်ကြီး တပင်အောက်နား မှာ ဆန့်စေ့တွေ ပြန့်ကျဲနေတာ တွေ့ခဲ့တယ်လို့ လာပြောတယ်။
ချိုးငှက်တွေဟာ အောက်ကို ထိုးစိုက်ပျံကြပြီး မြေပြင်ပေါ် ကျနေတဲ့ ဆန်စေ့တွေကို ပျော်ရွှင်စွာ စားကြတော့ တာပေါ့။ ကံမကောင်း အကြောင်းမလှစွာနဲ့ ချိုးငှက်တွေထဲက တကောင်ဟာ ထောင်ချောက် ကြိုးစလေး တခုကို သွားတိုက် မိတဲ့အခါ သူတို့ အားလုံး အပေါ်ကို ပိုက်ကွန်ကြီး ကျလာပြီး ချိုးငှက်တွေ အားလုံးကို အုပ်မိလျက်သား ဖြစ်သွားတော့တယ်။
တချို့သော ချိုးငှက်တွေက ထိတ်လန့် သွားကြပြီး ပိုက်ကွန်ကို အတင်း တိုးကြတယ်။ တချို့က လဲပြိုလို့ပေါ့။ တချို့ ချိုးငှက်တွေက အသံကျယ်ကျယ်နဲ့ အော်ဟစ်ကြ။ တချို့က ငိုကြွေးကြ။ တချို့ကတော့ ဒေါသတွေ ထွက်ပြီး အချင်းချင်း ထိုးဆိတ် ကြလေတယ်။
ချိုးငှက် ဘုရင်ဟာ သူ့စိတ်ကို လွတ်မသွားအောင် ထိန်းချုပ်သတဲ့။ ခဏလောက် ငြိမ်နေလိုက်ပြီး သူတို့ကြုံနေရတဲ့ အခြေအနေ အကြောင်းကို စဉ်းစားတွေးတော သတဲ့လေ။
"တိတ်တိတ်နေကြစမ်းကွယ်" လို့ သူက အမျိုးတွေကို ပြောလိုက်တယ်။ "ပိုက်ကွန်က ငှက်မုဆိုးတယောက် ထောင်ထားတာပဲ။ မင်းတို့တွေ အသံတွေ ဆူညံနေမယ် ဆိုရင် သူကြားပြီး ငှက်တွေ မိနေတာကို လာယူသွားလိမ့်မယ်။
ကဲ အားလုံး ခုလို အကြံအစည်ကို နားထောင်ကြနော်။ ပိုက်ကြိုးမျှင် အစကို တို့တတွေရဲ့ နူတ်သီးနဲ့ ချိုးငှက်တိုင်း ကိုက်ထားကြမယ်။ ငါက အချက် ပြလိုက်တာနဲ့ အားလုံး တပြိုင်နက် ထပျံကြမယ်။ ညီစေနော်"
ချိုးငှက်ဘုရင်က တစ်ကနေ သုံးအထိ အော်ရေလိုက်တာနဲ့ ချိုးငှက်တွေဟာ တပြိုင်နက် တောင်ပံတွေ ခတ်ပြီး ထပျံကြတယ်။ ပိုက်ကွန်ကြီးကို အားလုံး တပြိုင်နက် မပြီး ပျံတက်သွားတာ ပေါ့လေ။
အံ့ဩစရာ ကောင်းတာက သူတို့ဟာ ပိုက်ကွန်ကို မနိုင်ကြပြီး အတူတကွ သယ်ပြီး ပျံသွားတော့တာပဲ။ မျက်စိထဲမယ် မြင်ယောင်ကြည့် ကြပါ။ ကောင်းကင်ပေါ်မှာ ပိုက်ကွန်ကြီး ပျံတက်သွားတာ ကိုပေါ့။
မြေပြင်ပေါ် မှာတော့ မုဆိုးဟာ ပါးစပ် အဟောင်းသားနဲ့ ပိုက်ကွန်ကြီး ထပျံသွားတာကို ကြည့်ရင်း ကျန်ခဲ့တာပေါ့။ ချိုးငှက်တွေဟာ မုဆိုး လက်ကတော့ လွတ်ကြပြီ။ ဒါပေမဲ့ ပိုက်ကွန်အောက်က လွတ်အောင်တော့ နည်းလမ်း ရှာရဦးမယ်။
ချိုးငှက်ဘုရင် က အကြံတခု ရသွားပြန်လေရဲ့။ "ဟေ့ ဘုရားဝတ်ကျောင်းတွေ ရှိတဲ့ တောင်ကုန်းပေါ် ပျံကြကွယ်" ပါးစပ်မှာ ပိုက်ကွန်ကို ကိုက်ထားရင်းနဲ့ သူက ပြောလိုက်တယ်။ "အဲဒီမှာ ငါ့ရဲ့ မိတ်ဆွေရှိတယ်"
ချိုးငှက်တွေဟာ အုပ်စုပုံစံနဲ့ ပျံသန်းသွားပြီး တောင်ပေါ်က ဝတ်ကျောင်းတော် ရှေ့မှာ ဆင်းလိုက်ကြတယ်။ ချိုးငှက်ဘုရင်က ကျောက်တုံးနံရံတွေ နားက တွင်းတခုဆီမှာ သူ့နူတ်သီး တင်လိုက်ပြီး ခုလိုပဲ ပြောလိုက်တယ်။ "မိတ်ဆွေကြွက်ရေ၊ ကျွန်တော်တို့ကို အကူအညီများ ပေးနိုင်မလားဗျာ"
တွင်းထဲမှာနေတဲ့ ကြွက်ဟာ အိမ်ရှေ့မှာ ချိုးငှက်တွေ အများကြီး ရောက်လာတာကြောင့် အံ့အားသင့် သွားတယ်။ ဒါပေမဲ့ သူက ထွက်လာ ကြည့်ပါတယ်။
"အလို မိတ်ဆွေ ချိုးငှက်ဘုရင်။ သင်တို့ ပိုက်ကွန်မှာ မိနေကြတာပါလား" ဆိုပြီး ကြွက်ဟာ ကြွက်တွင်းထဲက မိတ်ဆွေတွေဆီ ပြေးပြီး အဖြစ်သနစ်ကို ပြောပြနေခဲ့တယ်။ ချိုးငှက်ဘုရင်တောင်မှ အကူအညီ မတောင်းရသေးဘူး၊ ကြွက်တွေဟာ ငှက်ဖမ်းပိုက်ကွန်ရဲ့ ကြိုးကလေးတွေကို တစချင်း ကိုက်ဖြတ်ပေး နေကြပါပြီ။ သိပ်အကြာကြီးတောင် မကိုက်လိုက်ရပေမယ့် ချိုးငှက်တွေ အားလုံး လွတ်မြောက် သွားကြတယ်။
ချိုးငှက်တွေက လွတ်မြောက်သွားပြီမို့ ပျော်ရွှင်ကြတယ်။ သူတို့ ဘုရင်နဲ့ ကြွက်တွေကို ကျေးဇူးတင်စကား ပြောကြတယ်။ ချိုးငှက်ဘုရင်ဟာ ကြင်နာစွာနဲ့ ပြုံးပြတယ်။ သူဟာ ဉာဏ်ပညာကြီးသလို နှိမ့်ချတတ်သူ ပါပဲ။
"တကယ်တော့ လွတ်မြောက်အောင်လို့ ဒို့အားလုံး အချင်းချင်း တယောက်ကို တယောက် ကူညီခဲ့ကြတာပဲ" လို့ ချိုးငှက်ဘုရင်က ပြောတယ်။ "တို့တတွေ ညီညွတ်ကြတဲ့အခါ တို့တတွေဟာ သန်မာအားကောင်းစမြဲပဲလေ" တဲ့။ (ပဉ္စတန္တရ ရိုးရာပုံပြင်ကို သံလွင်မြင့် ပြန်လည်ရေးသားသည်)
0 Comments