ညည်းညူမိသောနွား

တခါက နွားတကောင်ဟာ လယ်ထွန်ပြီး အိမ်ပြန်လာ နားသတဲ့။ ထို့နောက်မှာတော့ မိတ်ဆွေခွေးက သူ့ဆီ လာလည်ပါတယ်။နွားက ခွေးကို တွေ့တော့

"ဟူး မိတ်ဆွေရေ၊ ကျနော်တော့ ဒီနေ့ တအား မောသွားပြီ။ ဖြစ်နိုင်ရင် မနက်ဖြန် တရက်လောက် အနားယူချင် လိုက်တာ" လို့ ညည်းတွား လိုက်သတဲ့။

ခွေးက နွားအိမ်ကနေ ထွက်လာတော့ ကြောင်နဲ့ သွားတိုးတယ်။ ခွေးက ပြောတယ်။ "ဟေ့ကောင်၊ ခုန ငါနွားဆီ ရောက်တယ်။ သူ ပြောတော့သူလယ်ထွန်ရတာ တအားမောလို့ တရက်လောက် နားချင်တာ တဲ့လေ။ အေး သခင်ကြီးကလည်း သူ့ကို အလုပ်ကြမ်း ပေးတာ များတာကိုးနော့"

ကြောင်ကလည်း အဲဒီသတင်းကို ဆိတ်ဆီ သွားပြောပြ ပြန်သတဲ့။ "ကိုဆိတ်ရေ၊ နွားကတော့ သခင်က အလုပ်ကြမ်းတွေ တအားဖိပေးလို့ ဆိုပြီး ညည်းညူနေတယ်တဲ့။ သူ မနက်ဖြန် အလုပ် မလုပ်ချင်ဘူးလို့ ပြောနေတယ်"

ဆိတ်ကလည်း ကြက်ဆီ သတင်း ပြန်ပြောပြ တာပေါ့။ "ကိုကြက်ရေ နွားက သခင်ပေးတဲ့ အလုပ် တအားကြမ်းလို့ သူ မလုပ်တော့ဘူး ပြောနေတယ်။ အေးလေ၊ နောက်တွေ့မဲ့ သခင်အသစ် သူ့အပေါ် ကောင်းမလား မသိဘူး"

ကြက်ကလည်း ဝက်ကို သွားပြော ပြန်တယ်။ "နွားကတော့ သခင့်အတွက် အလုပ် မလုပ်ပေးနိုင် တော့ဘူးတဲ့ ဗျို့။ တခြား သခင်ဆီ သွားရှာတော့မယ် ပြောတယ်။ ပြောလဲ ပြောစရာဘဲ၊ ဒီသခင်က နွားကို အလုပ်ကြမ်း လုပ်ခိုင်းပြီး ကြိမ်ပွတ်နဲ့လည်း ရိုက်သေးတယ်"

ညနေစောင်း မှာတော့ သခင်မကြီးကနေ ဝက်စာ သွားကျွေးတဲ့အခါ ဝက်က "သခင်မကြီး၊ သခင်မကြီးကို တခု ပြောပြချင်တယ်၊ကျနော် ကြည့်တာ ခုတလော ကိုနွားက သိပ်မဟန်ဘူး။ သူ့ကို သေချာပြောပြထားအုံး။

ကျနော် ကြားတာက သူ အလုပ် မလုပ်ချင်တော့ ဘူးတဲ့။ သခင်ကြီးက သူ့ကို အလုပ်ကြမ်းခိုင်းပြီး ရိုက်လို့တဲ့။ မနက်ဖြန် သူတခြားသခင်ဆီ သွားလုပ်တော့မယ်တဲ့"

ဝက်ရဲ့ သတင်းကို ကြားသိလိုက်တဲ့ သခင်မက ညနေစာ စားတဲ့ စားပွဲဝိုင်းမှာ သခင်ကြီးကို ပြန်ပြောပြလိုက်တယ်။

"အဘိုးကြီး၊ရှင့်နွားက ပုန်ကန်ချင် နေပြီနော်။ သခင် ပြောင်းတော့မယ်တဲ့။ ပုန်ကန်တယ် ဆိုတာ ခွင့်မလွှတ်သင့်ဘူး။ တခြားသူတွေ ကိုလည်း နမူနာ ပြထားပေးမှ ရမယ်။ ရှင်ဘယ်လို ဒဏ်ခတ်ဖို့ စီစဉ်ထားလဲ"

သခင်ကြီး ကြားတော့ ဒေါသ အကြီးအကျယ် ထွက်ပြီး "ဒီလို ပုန်ကန်သူတွေအတွက် သေဒဏ်က လွဲပြီး တခြားမရှိဘူး" ဆိုပြီး၊ပြောပြောဆိုဆို လှံကိုင်ပြီး ထွက်သွားကာ နွားကို သတ်ပစ်လိုက် လေတော့သတဲ့။

စကားတခွန်းကြောင့် လူတယောက်ကို ရှင်စေနိုင်သလို သေစေနိုင်ပါတယ်။ နွားဟာ တဆင့်စကား ဖောင်းကြွမှုကြောင့် သေခဲ့ရတယ်။ ဒီပုံ ဥပမာလေးအားဖြင့် (၁) တွေ့သမျှ လူတိုင်းကို သွားညည်းညူ မပြပါနဲ့။ (၂) တွေ့သမျှ လူတွေ ပြောတိုင်း မယုံပါနဲ့၊ စဉ်းစားချင့်ချိန်ပါ။

(၃) အရေးကြီးဆုံးက တဆင့်စကား ကိုယ့်ဆီ ရောက်လာရင် မဖောင်းကြွပါစေနဲ့။ (၄) တဆင့်စကားကို ပိုသေချာ စေချင်ရင်ကိုယ်တိုင် ကာယကံရှင်ကို မေးသင့်ပါတယ်။ လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်း ဖြစ်၏။

ထိုသို့နှင့် အညီ၊ လျှာသည် ငါတို့၏ အင်္ဂါတို့တွင် တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီး ရှို့ခြင်းကို ခံလျက်ရှိ၏။ Crd

Post a Comment

0 Comments