မေတ္တာကရုဏာထားသော ဘုရင်ကြီး

တခါက ဘုရင်ကြီး တပါးသည် မြင်းစီး၍ နန်းတော်မှ ထွက်လာ၏။ အခြံအရံ များလည်း ပါလာကြ၏။ တိုင်းပြည်၏ သူဆင်းရဲရပ်ကွက် အစပ်ဥယျာဉ် တခုအနီးသို့ ရောက်သောအခါ ခေတ္တ ရပ်နားကြ၏။

ထိုအခိုက် ဘယ်က ပစ်လိုက်မှန်း မသိသော ကျောက်ခဲတလုံးသည် ဘုရင်၏ ဦးခေါင်းကို လာရောက် ထိမှန်၏။ ဘုရင်၏ ဦးခေါင်းမှာ နာကျင်သွား၏။ ထူပူသွား၏။ ခဏအတွင်း ရောင်ကိုင်း လာလေ၏။

ဘုရင်ကြီး မြင်းပေါ်က ဆင်းလာ၏။ ကိုယ်ရံတော်များက ဥယျာဉ်ထဲ ပြေးဝင်ကာ ခဲပစ်သူကို ရှာဖွေကြ၏။ တရားခံကို အပန်းတကြီး မရှာလိုက်ရဘဲ ဖမ်းခေါ်လာနိုင် ခဲ့ကြ၏။ ခဲပစ်သူမှာ ဆင်းရဲသား ကလေးငယ် တယောက်။

ဘုရင်ကြီးက "မင်း ငါ့ခေါင်းကို ကျောက်ခဲနဲ့ ဘာကြောင့် ထုရသလဲ" ဟု ကလေးငယ်အား မေး၏။ ကလေးငယ်က လက်အုပ် ချီထား၏။ ချီထားသော လက်အုပ်မှာ ကြောက်စိတ်ကြောင့် တုန်ယင်နေ၏။

"အရှင်မင်းကြီးရဲ့ ဦးခေါင်းကို တမင်သက်သက် ကျောက်ခဲနဲ့ ထုတာ မဟုတ်ပါဘူး ခင်ဗျာ။ ကျနော့် အမေအိုဟာ ဖျားနာပြီး အိပ်ရာထဲ လဲနေတာ အတော် ကြာပါပြီ။

အိမ်မှာ အမေ့ကို ကျွေးဖို့ စားစရာ ဘာတခုမျှ မရှိပါဘူး။ အမေ့ကို ကျွေးစရာ သစ်သီးလေးများ ခူးရအောင် ဒီဥယျာဉ်ထဲ လာခဲ့တာပါ။

အပင်ပေါ်က သစ်သီးအောက် ကြွေကျ လာအောင် ကျောက်ခဲနဲ့ ပစ်လိုက်တာပါ။ သစ်သီးကို မမှန်ဘဲ အရှင်မင်းကြီး ထိမှန်တဲ့ အတွက် ကျနော် စိတ်မကောင်းပါဘူး။ အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ" ဟု ကလေးက ဖြေ၏။

ဘုရင်ကြီးသည် ကလေးငယ်ကို စိတ်မဆိုးတော့ပေ။ အေးမြသော အပြုံးကို ပြုံးလိုက်၏။ ကလေးငယ်အား စားသောက်စရာများအပြင် ရွှေဒင်္ဂါး အပြည့် ထည့်ထားသော အိတ်တလုံး ကိုလည်း ပေးလိုက်လေ၏။

"ကဲ ငါ အခု ပေးလိုက်တဲ့ စားစရာနဲ့ ရွှေဒင်္ဂါးကို ယူသွား၊ ငါကိုယ်တိုင် နေမကောင်းဘူး ဆိုတဲ့ မင်းအမေကို လိုက်ကြည့်မယ်" ဟု လည်း ပြောလိုက်၏။ ကလေးသည် ဘုရင်ကို ခေါ်ဆောင်၍ သူတို့ နေထိုင်ရာ တဲစုတ်ကလေး ဆီသို့ သွား၏။

ဘုရင်ကြီးနှင့် အခြံ အရံများသည် တဲအပြင်၌ ရပ်ကျန်ခဲ့ ကြ၏။ တဲအတွင်းမှာတော့ ကလေး၏ မိခင်သည် အစာရေစာ ငတ်ပြတ်သောကြောင့် တညည်းညည်း တညူညူ ဖြစ်နေလေ၏။ "သားလေး ပြန်လာပြီလား၊ စားစရာ ပါသလား"

"ပြန်လာပြီ အမေ၊ စားစရာလည်း ယူလာပါတယ်" ကလေးငယ်သည် မိခင်အား စားစရာများ ကျွေးမွေးပြီး သည့်နောက် တဲအပြင်ဘက်သို့ ထွက်ကြည့်၏။ ဘုရင်ကြီးနှင့် သူ့လူများ တရွေ့ရွေ့ ထွက်ခွာသွား ကြသည်မှာ ခပ်ရေးရေး မျှသာ မြင်ရတော့၏။

လမ်းတွင် အမတ်ချုပ်ကြီးက ဘုရင်ကြီးအား မေး၏။ "ဒီကလေးဟာ အရှင်မင်းကြီးကို ဒဏ်ရာရအောင် လုပ်ပါလျက်ကယ်နဲ့ ဘာကြောင့် အပြစ် မပေးရတာလဲ" ထိုအခါ ဘုရင်ကြီးက အောက်ပါအတိုင်း ဖြေ၏။

"အမတ်ကြီး အသက်လည်း မရှိ၊ မေတ္တာ ကရုဏာ အစရှိတဲ့ တရားတွေလည်း မသိတဲ့ သစ်ပင်ကတောင်မှ ကျောက်ခဲနဲ့ ပစ်လိုက်ရင် ငတ်နေသူကို စားစရာ သစ်သီးပေးတယ် မဟုတ်လား။

ကျွန်ုပ်လို အသက်လည်းရှိ မေတ္တာ ကရုဏာ အစရှိတဲ့ တရားတွေလည်း သိတဲ့ လူတယောက် အနေနဲ့ ခဲနဲ့ပစ်ပြီး စားစရာ တောင်းတဲ့ကလေးကို ဘယ်လိုလုပ် ပြစ်ဒဏ် ပေးရက်မှာလဲ" Crd

Post a Comment

0 Comments