တခါတုန်းက ရွာတရွာမှာ မုဆိုးအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့ သားအဖ နှစ်ယောက် ရှိသတဲ့။ အဖေလုပ်သူက တောလည် ထွက်တိုင်း လူပျိုပေါက် အရွယ် သူ့ရဲ့သားကို ခေါ်သွားလေ့ ရှိတယ်။
မုဆိုးကြီးက သူရဲ့သားကို မုဆိုးတို့ တပ်အပ်တဲ့ပညာရပ်များကို သင်ကြာပေးသတဲ့။
ဒီလိုနဲ့ နေလာလိုက် ကြတာ သားဖြစ်သူလည်း မုဆိုးပညာ စုံတဲ့အချိန် အဖေ မုဆိုးကြီးကလည်း အသက်အရွယ် ရလာတော့ အရင်လို တောမလိုက်နိုင် တော့ဘူးပေါ့။ အဲဒါနဲ့ သားဖြစ်သူက အဖေကို ပြောတယ်။
"အဖေလည်း အသက်ကြီးပြီ။ အဖေ့ကို သားတလှည့် ပြန်လုပ်ကျွေး ပါ့မယ်။ အဖေ အနားယူ ပါတော့"
ဒီအခါ အဖေဖြစ်သူက "အင်း ကောင်းပါပြီလေ ငါ့သားလည်း မုဆိုးပညာ စုံပြီဆိုတော့ အဖေ စိတ်ချပါပြီ။ ဒါပေမယ့် တခုတော့ ငါ့သား မှတ်ထားရမယ်။ မုဆိုးက မုဆိုးပဲ ဖြစ်ပါစေ သားကောင် မဖြစ်ပါစေနဲ့" လို့ သတိပေး ပြောဆိုခဲ့ ပါတယ်။
သားဖြစ်သူကလည်း "ငါ့အဖေ ဘာတွေ ပြောနေပါလိမ့်။ မုဆိုးက ဘယ်လိုလုပ် သားကောင် ဖြစ်မှာလဲ" လို့ ပေါ့ပေါ့ တွေးပြီး ဆိုလိုရင်း အဓိပ္ပါယ်ကို မမေးတော့ပဲ တောထဲကို ထွက်ခဲ့ လိုက်တယ်။
မုဆိုးကြီးရဲ့ သားဟာ ငယ်ရွယ်ပြီး သန်မာ ဖျတ်လတ်တာကြောင့် တောလည်ထွက်တဲ့ နေ့တိုင်း သားကောင် မပါပဲ ပြန်လာရတဲ့ နေ့ ဆိုတာ မရှိခဲ့ဘူး။
ရွာထဲမှာလည်း အရမ်းတော်တဲ့ မုဆိုး ဆိုပြီးတော့ သူ့ကို ချီးမွှမ်း ပြောဆိုသံတွေ ကြားရတော့ မာန်တက်လာတော့ တာပေါ့။
ဒီလို့နဲ့ တနေ့တော့ တောထဲသွားဖို့ ပြင်ဆင်တုန်း အဖေဖြစ်သူက သူ့သားကို "ငါ့သား မုဆိုးဆိုတာ သားကောင်ကို ဘယ်တော့မှ လျှော့မတွက် ရဘူး။ အဲ့ဒီလို လုပ်မိရင် မုဆိုးက သားကောင် ဖြစ်သွားတတ်တယ်" လို့ ပြောဆို ဆုံးမ လိုက်တယ်။
သားဖြစ်သူ ကလည်း "ဟာ အဖေကလဲ သားက ဘယ်လို သားကောင်မျိုး မဆို အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ ဒီနယ်မှာ သားလောက် တော်တဲ့ မုဆိုးဆိုတာ ရှိလာမှာ မဟုတ်ဘူး" လို့ ပြန်ပြောလိုက်တယ်။
တရက်မှာတော့ မုဆိုးလေးဟာ တောထဲမှာ အမဲလိုက်ရင်း အချိန်သာ ကုန်သွားတယ် သားကောင် တကောင်မှ မရလိုက်ဘူး။ မိုးကလည်း ချုပ်တော့မယ်။ ဒီပုံစံနဲ့ ပြန်သွားရင် ရွာက လူတွေလည်း ငါ့ကို ဝိုင်းလှောင် ကြတော့မယ်။
မဖြစ်ဘူး သားကောင် မရမချင်း ငါမပြန်ဘူး ဆိုပြီး ဆက်ပြီးတော့ တောလိုက်လေရာ နေဝင်ရီတရော အချိန်မှာ ရေဆင်းသောက်တဲ့ တောဝက် တကောင်ကို တွေ့တော့ ဝမ်းသာအားရ ဖြစ်ကာ ချုံကွယ်တခုက နေပြီး မြားကို ထုတ်လိုက်ပါတယ်။
ပြီးတော့ တောဝက်ကို သေသေချာချာ ချိန်ရွယ်လိုက်တဲ့ ခဏမှာပဲ တောဝက်က ရုတ်တရက် သူ့ဘက်ကို လှည့်ပြီး အရှိန်နဲ့ ပြေးဝင်ပြီး ပက်ထည့်လိုက်တာ အဲ့နေရာမှာပဲ သေပွဲဝင်ခဲ့ရ လေတယ်။
ပုံပြင်လေးက ဒီမှာပဲ ပြီးဆုံးသွားပါတယ်။ မုဆိုးလေးဟာ မုဆိုးတို့ရဲ့ ပညာ စုံပါလျက်နဲ့ သားကောင်ကို လျှော့တွက်ခဲ့မှု၊ ကိုယ်ကျွမ်းကျင်တဲ့ အချိန် မဟုတ်ပဲနဲ့ မာန်မာနကြောင့် စဉ်းစားဆင်ခြင်ဉာဏ် မဲ့ပြီး သတိ ပေါ့လျော့ခဲ့ မှုကြောင့် ပျက်စီးခြင်းကိုရောက်ခဲ့ရတယ်။
တကယ်တော့ မုဆိုးလေးဟာ အထက်မှာ ပြောခဲ့တဲ့ အချက်တွေကို သတိမမူမိပဲ တောဝက်ရှိတဲ့ နေရာရဲ့ လေအထက်မှာ နေမိလို့ တောဝက်က ရန်သူရဲ့အနံ့ကို ရရှိသွားပြီး မုဆိုးလေးဟာ သားကောင် ဖြစ်သွားရ ပါတော့တယ်။ KM (ဘဝမြင်ကွင်း)
0 Comments