တခါက တောအုပ်တခုထဲမှာ ပျော်နေတဲ့ မျောက်တကောင် ရှိတယ်။ သူ ဗိုက်ဆာလာတဲ့ အခါ အရသာရှိတဲ့ သစ်သီးတွေ စားလိုက် သူမောလာတဲ့ အခါ အနားယူလိုက်နဲ့ တော်အုပ်မှာ ပျော်နေခဲ့တယ်။
တနေ့တော့ သူဟာ မျက်စိလည် လမ်းမှားရင်း အိမ်တလုံးဆီ ရောက်လာခဲ့တယ်။ အဲဒီမှာ သူ မြင်လိုက်ရတာ ကတော့ အရမ်းကို လှပတဲ့ ပန်းသီးတွေ ထည့်ထားတဲ့ ပန်ကန်လုံးကြီးပေါ့။ သူက လက်တဖက်စီမှာ ပန်းသီးတလုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာ ခဲ့တယ်။
မျောက်က ပန်းသီးကို အနံ့ခံတယ်။ ဒါပေမယ့် ဘာနံ့မှ မရဘူး။ ပြီးတော့ ပန်းသီးကို စားဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူသွားတွေ နာကျင်ပြီး စားမရအောင် မာနေတယ်။ တကယ်တော့ ပန်းသီးသာ သစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ဒါပေမယ့် ပန်းသီးက အရမ်းလှတယ်။
အဲဒီ ပန်းသီးကို တွေ့တဲ့အခါ တခြားမျောက်တွေ ကလည်း အလုအယက် လုဖို့ လာကြတယ်။ ပန်းသီးရှင် မျောက်က သူ့ ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထား လိုက်တယ်။ သူဟာ ဒီပန်းသီး ပိုင်ဆိုင်တဲ့ အတွက် ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ သဘောတွေ ကျနေခဲ့တယ်။
ပန်းသီးက သူ့ကို ပြည့်စုံစေတယ် လို့ ခံစားရတယ်။ သူ ဆာလောင် နေတာကိုတောင် မေ့သွားတယ်။ သစ်သီးပင် တပင်က မျောက်ကို သတိပေးတယ်။ သူ့လက်ထဲက ပန်းသီးလောက် သူဘာကိုမှ ဂရုမစိုက် တော့ဘူး။ သူဟာ စားဖို့ ပန်းသီးခူးဖို့ အတွက်တောင် သူ့လက်ထဲက ပန်းသီးတွေကို မချနိုင် ဖြစ်နေခဲ့တယ်။
တကယ်တော့ သူဟာ နားလည်း မနားရသလို သူ့ပန်းသီးတွေကို တခြားမျောက်တွေ လာလုမှာ စိုးတဲ့အတွက် အချိန်တိုင်း ကာကွယ်နေရတယ်။ ဂုဏ်ယူဝင့်ကြွားမှု တခုအတွက် အရင်က ပျော်ရွှင်နေတဲ့ မျောက်ဟာ ပျော်ရွှင်မှုတွေ နဲလာပြီး သစ်တောတလျှောက်မှာ လျှောက်သွားနေခဲ့ ရတယ်။
ပန်းသီးတွေက တဖြည်းဖြည်း လေးပင်လာသလို ခံစားလာ ရတယ်။ သနားစရာကောင်းတဲ့ မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့အတွက် စဉ်းစားတယ်။
သူဆာနေပြီ သစ်ပင်ပေါ်တက်ပြီး ပန်းသီးအစစ်တွေကို ခူးမစားနိုင် သေးဘူး။ စားလို့ မရတဲ့ပန်းသီးတွေပဲ ပြည့်နေတယ်။ တကယ်လို့ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ။
သူ့လက်ထဲက ပန်းသီးတွေ သယ်လာတာ ရူးသွတ်မှုလို့ပဲ လို့ သူမြင်လာတယ်။ သူအရမ်းလည်း ပင်ပန်းနေခဲ့ပြီး နောက်ဆုံး အသီးပင်အောက် ရောက်တဲ့အခါ သစ်သီးရနံ့တွေကို ရူရှိုက်ရင်း သူ အရာရာကို နားလည် သဘောပေါက် သွားတယ်။
မျောက်ကလေးဟာ သူ့လက်ထဲက သစ်သားပန်းသီးတွေကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူ့အစာအတွက် သစ်ပင်ပေါ် တက်သွားတယ်။ ထို့နောက်မှာတော့ မျောက်ကလေးဟာ အရင်ကလို ပြုံးပျော်နိုင် ပါပြီ။
ဒါဆို ကျွန်တော်တို့ ဘဝမှာကော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိ ကြပါလိမ့်။ စည်းစိမ်ဥစ္စာ တွေလား၊ စိုးရိမ်ကြောင့်ကျမှု တွေလား၊ စိတ်ပျက် ဝမ်းနည်းစရာတွေလား၊ မာန်မာန တွေလား၊ ဘွဲ့ထူး ဂုဏ်သိမ် တွေလား။
ကျွန်တော်တို့ဟာ တခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲကို လျှောက်သွားနေမိ ကြပါတယ်။ လွှတ်ချသင့်တဲ့ အရာကို လွှတ်ချသင့်တဲ့ အချိန်မှာ လွှတ်ချနိုင်မှ သာလျှင် တကယ့် ပျော်ရွှင်မှုကို ခံစားနိုင် ပါလိမ့်မယ်။ Crd
0 Comments