အမေ့ရဲ့မျက်လုံးတလုံး

ကျနော့် အမေမှာ မျက်လုံး တလုံးပဲ ရှိပါတယ်။ ကျနော် ငယ်ငယ်က အမေ အဲဒီလို ဖြစ်နေတာကို မုန်းမိတယ်။ ကျနော် ကျောင်းကို အကြောင်း မယ်မယ်ရရမရှိပဲ လာတာကိုလဲ မကြိုက်ခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ အမေလာတိုင်း သူငယ်ချင်းတွေက အထူးတဆန်း ကြည့်ပြီး နောက်တွန့် သွားတယ်လေ။

အမေက မိသားစု စီးပွားရေး အတွက် အလုပ်နှစ်ခု လုပ်ပါတယ်။ ဒါပေမယ့် ကျနော် ကတော့ အမေ့ကို မကြည်ဖြူ လှဘူးဗျ။ အမေနဲ့လည်း ဘယ်တော့မှ အတူတူ မသွားချင် ခဲ့ဘူး။

အမေ ကျောင်းလာကြိုရင် သူငယ်ချင်းတွေက စကြလွန်းလို့ အမေ မြန်မြန်သေရင် ကောင်းမယ် လို့တောင် ဆုတောင်းခဲ့မိ ဘူးတယ်။

ဒါကြောင့် အမေနဲ့ ဝေးဝေး နေရအောင် ကျနော် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ရလဒ်ကတော့ အလုပ်ကောင်းကောင်း တခု ရတယ်၊ အမေနဲ့ ရပ်ဝေး တနေရာ မှာပေါ့။ ကျနော် မလုပ်တဲ့ အပြစ်ကနေ ကျနော် ထွက်ပြေးခဲ့ တာပေါ့။ ဒီအလုပ် လုပ်ရင်း ကျနော် အိမ်ထောင် ကျတယ်။

အခုဆို သားတယောက် သမီးတယောက်နဲ့ ကျနော့် မိသားစု ဘဝက ပျော်ရွှင်စရာ အတိ ပါပဲ။ အမေ့ဆီကိုတော့ အလုပ် စရတဲ့နေ့ ကစ ကျနော် တခါမှ မပြန်ခဲ့ဘူး။ မထင်မှတ်တဲ့ တနေ့ အမေက ကျနော့် အိမ်ကို ရောက်လာတယ်။ သူ့မြေးနှစ်ယောက်ကို မြင်ဖူးချင်လို့တဲ့။

ခက်တာက ကလေးနှစ်ယောက်လုံးက မျက်လုံးတလုံးသာ ပါတဲ့ အမေ့ကို မြင်တာနဲ့ ကြောက်ပြီး ငိုတော့တာပဲ။ ကျနော်လည်း စိတ်ဆိုးပြီး အော်လိုက်မိတယ်။

"အမေဟာ အခုအချိန်ထိ ကျနော့်ရဲ့ အေးချမ်းတဲ့ ဘဝကို လိုက်အနှောက်အယှက်ပေးနေတုန်းပဲ။ အမေပြန်ပါတော့" အမေက အပြုံးလေးနဲ့ အကြိမ်ကြိမ် တောင်းပန်ပြီး ပြန်သွားတယ်။

နှစ်ဝက်လောက် ကြာတော့ ကျနော် မွေးရပ်မြေကို ပြန်ဖို့ အကြောင်း ပေါ်လာတယ်။ အမေနဲ့ မတွေ့ချင်ပေမယ့် ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ ပြန်တွေ့ဖို့ ပွဲကို ကျနော် လက်မလွှတ်နိုင် ဘူးလေ။

မြို့ကို ရောက်ရောက်ချင်း အချစ်ဆုံး သူငယ်ချင်းက မင်းအမေဆုံးသွားတာ တလလောက် ရှိပြီ သူငယ်ချင်း။ မင်းအတွက် စာတစောင် ပေးထားခဲ့တယ် လို့ ပြောရင်း စာရွက်အဖြူလေး တရွက်ကို ထုတ်ပေးပါတယ်။ စာထဲမှာက

အမေ့ ချစ်သားလေး၊ ပထမဆုံး အိမ်ကို လာလည်မိခဲ့လို့ အမေ တောင်းပန်ပါတယ် သားရယ်။ သားရဲ့ ချစ်စရာ ကလေးတွေကို အမေကြောက်အောင် လုပ်ခဲ့မိတဲ့ အတွက် အမေ လူမဆန်ဘူးလို့ ခံစားရတယ်။

သားနဲ့ သူငယ်ချင်းတွေ ဆုံတွေ့ပွဲ အတွက် အိမ်ကို ပြန်လာမှာ သိပေမယ့် အမေ မနေရတော့ဘူး ဆိုတာ သိလို့ လာလည်ခဲ့မိတာပါ။ အမေ ဖြစ်စေချင်တဲ့ လှပတဲ့ ဘဝလေးကို သားရနေပြီး ကလေးတွေကို အရမ်းချစ်တာ တွေ့ရတာ အမေ တသက်သာမှာ အပျော်ဆုံးပါပဲ သားရယ်။

ငယ်ငယ်က ကလေးအချင်းချင်း မတော်တဆ ထိခိုက်မှုကြောင့် သားရဲ့ မျက်လုံးတလုံး ဆုံးရှုံးသွားတုန်း ကတော့ အမေ့ဘဝမှာ ဝမ်းအနည်းရ ဆုံး အချိန်ပေါ့။

အမေ့သားလေး မျက်လုံးတဘက်ထဲနဲ့ ဘဝအရှည်ကြီးကို လျှောက်ရမှာ၊ လောက အလှကို မခံစားနိုင်မှာကို တွေးမိတဲ့ အချိန်က အမေ့ဘဝမှာ အတုန်လှုပ်ဆုံး အချိန်ပေါ့။ အမေကြောက်လို့ အမေ့မျက်လုံး တလုံး ပေးခဲ့တာ။

အခုလို မြင်ရတော့ အမေ ကျေနပ်လိုက်တာ။ ဒါတွေကို သိလို့ သားစိတ်မကောင်း ဖြစ်စရာ မလိုပါဘူးကလေး။ သား ပုံမှန် ကလေးတွေနဲ့ အတူ ကျောင်းတက် ပျော်ရွှင်စွာ ဆော့ကစားရတဲ့ နေ့ရက်တွေ ကတည်းက အမေ့ဘဝ ငြိမ်းချမ်းမှုတွေ ပြည့်ခဲ့ပါပြီ။

အခုလို သားဘဝလေး ပြည့်စုံနေတာဟာ အမေ့အတွက် အပိုဆုလာဒ်ပါ အမေ့ချစ်သားလေး။ ချစ်တဲ့ အမေ။ အမေ့တန်ဖိုးကို နားလည်နိုင်သူများ ဖြစ်ကြပါစေ။ မှတ်စုကြမ်း

Post a Comment

0 Comments