ကိုယ့်ဖို့ပဲ ကြည့်တတ်သူ

တခါတုန်းက ဝံပုလွေ တကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတချောင်း ကန့်လန့် ခံသွားတယ်။

အရိုးကို အန်ထုတ် လို့လည်း မရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာ ခံစားနေရတဲ့ အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ်စားလို့ မရတော့တဲ့ အတွက် ဆာလောင်မှု ဝေဒနာကိုပါ ခံစားနေရတယ်။

အဲဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့်လန့် ခံနေတဲ့ အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်းစားကြည့် လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိ ပါတယ်။

ကြိုးကြာငှက်ဟာ နှုတ်သီး ကလည်း ရှည်၊ လည်ပင်း ကလည်း ရှည်တာမို့ သူ့လည်ချောင်း ထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိ လိုက်တယ်။

အဲဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး တောင်းပန် အကူအညီ တောင်းတယ်။ "အဆွေ ကျွန်ုပ်ကို ကူညီပါ။ ကျွန်ုပ်ရဲ့ လည် ချောင်းထဲမှာ အရိုးတရိုး ကန့်လန့် ခံနေတာမို့ မစားနိုင် မသောက်နိုင် ဖြစ်နေတာ ကြာပါပြီ။

သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ် ပေးရင် ရနိုင်ပါတယ်။ အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကို ကျေးဇူး ဆပ်ပါ့မယ်"

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ် ဟခိုင်းလိုက် ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့ လည်ပင်းကို ဝံပုလွေရဲ့ အာခေါင်က တဆင့် လည်ချောင်းထဲ ထိုးသွင်း ပြီး ကန့်လန့် ခံနေတဲ့ အရိုးကို ကိုက်ချီဆွဲထုတ်ပေး လိုက်တယ်။

ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ကြိုးကြာငှက်ကို ကျေးဇူးတင်စကား ပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေးတယ်။

"အဆွေ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူး ဆပ်မယ်ဆို။ ဘာဖြစ်လို့ လှည့်ထွက်သွားတာလဲ" ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့် ကြည့်ပြီး ပြောလိုက် ပါတယ်။

"အသင် ကျွန်ုပ် အသင့်ကို ကျေးဇူးဆပ်ခဲ့ပြီး ပါပြီ။ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ရဲ့ ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာ ပဲပေါ့။ အသင့်ကို သတ်ဖြတ် စားမသွားတာကိုပဲ ဝမ်းသာပါတော့"

ကိုယ့်အကျိုးသာ ကြည့်ပြီး သူတပါးအတွက် ထည့်စဉ်းစား မပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဌာန်တူတဲ့ လူတွေ ပေါပါတယ်။

အဲဒီလို လူမျိုးတွေနဲ့ ကြုံရင် နောက်ထပ် ဒုက္ခ ပေးမသွားတာ ကိုပဲ ကိုယ်က ပြန်ဝမ်းသာ ရပါလိမ့်မယ်။ နောက်ထပ် အထူး သတိထား ဆက်ဆံရမှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments