ရာဝင်အိုးထဲက နွားနို့

တခါတုန်းက ရွာလေး တရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ ပွဲလေး ဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့ တာဝန်ပဲ မဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့။

"လာမယ့် စနေနေ့ ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကို လူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့ လူတွေကို ဧည့်ခံဖို့အတွက် အစားအသောက်ကို ရွာက လူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်။

ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တလုံး ထားထားမယ်။ စနေနေ့ မနက်ကျရင် ရွာသားတွေက တအိမ်ကို နွားနို့ ၂ ပိဿာစီ လာထည့်ကြပါ။ ပွဲတော်ကို လာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်" လို့ ကြေညာပါသတဲ့။

ရွာသားတယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့။ "ပွဲတော်မှာ နွားနို့တိုက်ဖို့ ဆိုတော့ အိမ်တိုင်း ကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ ပို့ချင်တယ်။

ဒါပေမဲ့ ငါ့မှာက သားသမီး ကလည်းများ၊ မိန်းမကလည်း မမာနဲ့ ဆိုတော့ စီးပွားရေး ကအဆင်ပြေ လှတယ် မဟုတ်ဘူး။ နွားနို့ ၂ ပိဿာရဲ့ တန်ဖိုး ဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပို မသုံးနိုင်ဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ" ဆိုပြီး စဉ်းစားပါသတဲ့။

စဉ်းစားနေရင်းနဲ့မှ သူအကြံတခုကို ရလိုက်တဲ့ အတွက် အရမ်း ဝမ်းသာသွားပြီး အဲဒီလို လုပ်ဖို့ပဲ ဆုံးဖြတ်လိုက် ပါသတဲ့။ သူ့အကြံ ကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော် အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့ လာထည့်ကြ မှာပဲ။

ငါကတော့ ဆင်းရဲတဲ့ လူလည်း ဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန် ဆိုတော့ နွားနို့အစား ရေ ၂ ပိဿာပဲ သွားထည့်လိုက်မယ်။

လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ ပိသာလောက် ရောရုံနဲ့တော့ ဘာမှ မဖြစ်သွားလောက် ပါဘူး ဆိုပြီး တွေးမိတော့ သူ အတော် စိတ်ချမ်းသာ သွားတယ်။

နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ ၂ ပိသာကို နွားနို့ ပုံးထဲထည့်ပြီး သူကြီးအိမ်ရှေ့က အိုးထဲကို သွားထည့်ခဲ့တယ်တဲ့။

အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေတော့ အထဲမှာ မှောင်မှောင်မည်းမည်း ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေး အဆင်ပြေသွား တာပေါ့။

အဲဒီလိုနဲ့ ညနေ ရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မယ့် အချိန်ရောက်တော့ သူကြီးက ဧည့်သည်တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနို့နဲ့ ဧည့်ခံမယ့် အကြောင်း ကြေငြာပြီး နွားနို့ အိုးကို ဖွင့်ပြီး ခွက်နဲ့ ခပ်လိုက်သတဲ့။

ပြီးတော့မှ ဧည့် သည် တွေကို ခွက်ပေးမယ် အလုပ်မှာ သူကြီးရဲ့ မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။

သူကြီးတယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက် လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီး နီလာပြီး "ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ ပိသာစီ ထည့်ရမယ် မှာထားရက်နဲ့ ရေတွေ ထည့်တာ ဘယ်သူတွေလဲကွ" လို့ အော်လိုက်တယ်။

ဒီတော့ ရွာသားတွေလည်း အပြေး လာကြည့်ကြတော့ အိုးကြီး တလုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့ တစက်မှ မရှိပဲ တအိုးလုံးဟာ ရေတွေချည်း ဖြစ်နေတာကို တွေ့ရ ပါသတဲ့။ Crd

Post a Comment

0 Comments