မိဘကို ချစ်ရင် မရှက်ပါနဲ့

အလယ်တန်း အထက်တန်း ကျောင်းသူ ဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော် သူငယ်ချင်းတွေက မေးကြတယ်။ နင့်အဖေ ဘာလုပ်လဲ၊ နင့်အမေ ဘာလုပ်လဲ လို့ မေးရင် ကျွန်မ အရမ်း အားငယ်ရတယ် ဝမ်းနည်းမိတယ်။

"ငါရဲ့ ဖေဖေက စက်ချုပ်တယ်။ ငါ့ရဲ့ မေမေက ထမင်းချက်တယ်" ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။ ငါ့ဖေဖေက အင်ဂျင်နီယာ၊ ငါ့မေမေက ဒေါက်တာ ဆိုပြီး တချို့ သူငယ်ချင်းတွေလို ဂုဏ်ယူ ဝဲ့ကြွားစွာ ဖြေချင်မိတယ်။ ဒါပေမယ့် ကျွန်မ အဖေက စက်ချုပ်တယ်၊ အမေက ထမင်းချက်တယ်။

တနေ့တော့ အဖေ့ကို ပြောမိတယ်။ "ဖေဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေ မေမေက ဘာလုပ်တာလဲ တဲ့။ ဖြေတော့ တချို့သူတွေက သမီးကို လှောင်ရယ်ကြတယ်။

သမီး သိပ်ရှက်တယ် ဖေဖေ သမီးရှက်တယ်။ သမီးလည်း သူငယ်ချင်းတွေရဲ့ အဖေအမေလို အင်ဂျင်နီယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေ မေမေ လိုချင်တာပေါ့"

အဲဒီ အချိန်မှာ ကျွန်မ အနားသို့ ဖေဖေ တိုးလာပြီး "ဘယ်လို ပြောလိုက်တာလဲ သမီးရေ။ ဖေဖေတို့လည်း ပညာတတ် ဖြစ်ချင်ခဲ့တာပေါ့။ ဘဝပေး အခြေအနေက ဖေဖေကို ပညာတတ် ဖြစ်ဖို့ မပေးခဲ့ဘူးလေ။

ဖေဖေတို့ မောင်နှမ နှစ်ယောက်ဟာ ပညာတတ် သိပ်ဖြစ်ချင်ခဲ့တာ။ အမေက မုဆိုးမ ဆင်းရဲတယ် သူများဆီမှာ အငှား ခံရတယ်။

စားဝတ်နေရေး အတွက်ပဲ ထမင်း မငတ်အောင်စားခဲ့ရတာ။ ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင် ခဲ့ဘူး သမီး။ ဖေဖေတို့ မောင်နှမ နှစ်ယောက်က စာအရမ်း သင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက် တွေကို သွားခူးပြီး ရောင်းတယ်။

ဟင်းသီးဟင်းရွက် ရောင်းလို့ ရတဲ့ ပိုက်ဆံကို စု၊ သူများဆီက တဆင့် စာအုပ် အဟောင်းလေးတွေ ဝယ်ပြီးဖေဖေတို့ မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ။ ဖေဖေတို့က ဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ။ စာအုပ်အသစ်တွေ မဝယ်နိုင်ဘူး။ သူများဆီက ဝယ်တဲ့ စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ်။

ဆရာကို အမှတ်ခြစ်ဖို့ စာအုပ် သွားထပ်တော့ မင်းဘာစာအုပ်နဲ့ ရေးထားတာလဲ ညစ်ပတ် စုတ်ပြတ်သတ်နေတာပဲ ရော့ကွာ ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ် သမီးရေ။

စာအုပ်ထဲက စာရွက်လေးတွေ တရွက်စီ ကွာကြသွားခဲ့တယ်။ ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီး စာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ်။ အဲဒါနဲ့ ဖေဖေ လေးတန်း ဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ။

အရွယ်ရောက်လာတော့ ဖေဖေ စက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာတယောက် ဆီမှာ သင်ခဲ့တယ်။ သမီးတို့ မောင်နှမ နှစ်ယောက်ကို ဖေဖေတို့ မောင်နှမ နှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ်ပညာနဲ့ ပညာတတ် ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ်လေ"

ဖေဖေပြောတဲ့ စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲ ဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ ဖေဖေက စကားတခွန်းပဲ ပြောတယ်။

"ဂုဏ်ယူလိုက်စမ်းပါ သမီးရေ။ မရှက်ပါနဲ့။ ငါ့မိဘတွေက သူတို့တတ်တဲ့ အတတ်ပညာ ရှာလို့ ပေးလို့ရတဲ့ ပိုက်ဆံနဲ့ ငါ့အကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်။ ငါ့ကို အခု ကျောင်းထားပေး နေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ" တဲ့လေ။

တချိန်က မပြောနိုင်ခဲ့တဲ့ စကားတွေကို အခုတော့ ဖေဖေ့ ကျေးဇူးတွေကြောင့် ရဲဝဲ့စွာ ပြောနိုင်ခဲ့ပြီ။ "ဖေဖေ သမီး မရှက်တော့ဘူး ဖေဖေ"

သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ငယ်တဲ့ အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင် ရှက်နိုင်ပါတယ်။

အသက်အရွယ် ကြီးလာလို့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့ အခါ မရှက်သင့်တာကို မရှက်ပါနဲ့။ အားမငယ် သင့်တာကို အားမငယ်ပါနဲ့။ ဒါကြောင့် မိဘကို ချစ်ရင် မရှက်ပါနဲ့။ Crd

Post a Comment

0 Comments