ဘဝမေ့သော မဗျိုင်း

တခါက ရွာတရွာမှာ အလွန် ချောမောလှပသော မဗျိုင်း ဆိုသည့် သူဆင်းရဲ မိန်းမပျိုကလေး တယောက် ရှိခဲ့သည်။

မဗျိုင်းကား ရုပ်ရည် ချောမော သော်ငြား ဘဝကံ အကျိုးပေး မကောင်းရှာ။ ဝမ်းရေးအတွက် ဆီးသီး ရောင်းစားနေ ရရှာသဖြင့် သူ့ကို ဆီးသီးသည် မဗျိုင်းဟု ခေါ်ကြလေ၏။

တနေ့တော့ တိုင်းခန်း လှည့်လည်လာသည့် ဘုရင်ကြီးက ဆီးသီး လည်ရောင်းနေသော မဗျိုင်းကို တွေ့မြင်သွားပြီး "အကာလိကော ကာလိကေ" လင် ရှိ မရှိ မေး၏။ လင်မရှိသူ အပျိုမှန်း သိသောအခါ မဗျိုင်းကို မိဖုရား မြှောက်လိုက်လေ၏။

သူဆင်းရဲမကလေး မဗျိုင်း ကံဇာတာ တက်လေပြီ။ အချိန် ကြာလာတော့ ရရှိထားသည့် ရာထူးစည်းစိမ် အပါ်မှာ မဗျိုင်း သာယာလာသည်။ ယစ်မူးလာသည်။

နန်းတော် ရောက်စက နန်းတွင်းသူ နန်းတွင်းသားများကို ရင်းနှီးချစ်ခင်စွာ ဆက်ဆံခဲ့ သော်လည်း တဖြည်းဖြည်းနှင့် မဗျိုင်း မောက်မာလာသည်။

"ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား" ဟု စိတ်ကြီး ဝင်လာလေသည်။ ဘုရင်ကြီးမှာ မဗျိုင်းကို ချစ်ရှာလွန်း၍ ဘာမှမပြောရက်။ တနေ့နေ့တော့ ပြုပြင်တန်ကောင်းရဲ့ ဟုသာ ဖြေသိမ့်ပြီး တွေးနေရ ရှာလေ၏။

တနေ့တော့ နန်းတော်အနီးမှ ဆီးသီးသည် တယောက်က "ဆီးသီးဗျို့ ဆီးသီး" ဟု ဟစ်အော်ရင်း ဖြတ်သွားလေသည်။

ထိုအသံကို ကြားမိသောအခါ ဘုရင်ကြီးမှာ ဆီးသီး ပွဲတော် တည်လိုစိတ်များ ဖြစ်ပေါ်လာသဖြင့် မင်းချင်းများအား အဆိုပါ ဆီးသီးသည်ကို ခေါ်ခိုင်းလိုက် လေ၏။

မင်းချင်းများက ဆီးသီးများကို ရေစင်အောင် ဆေးပြီး ဆက်သကြသည်။ သူတပါးတည်း ပွဲတော် မတည်ရက် ရှာသော မင်းကြီးက သူ့ချစ်သည်း မဗျိုင်းကလေး ကိုပါ ဆင့်ခေါ်စေပြီး အတူတူ ပွဲတော်တည်ရန် ပြင်ဆင်လေ၏။

ရွှေရောင် ငွေရောင် စိန်ရောင်များ တပြောင်ပြောင် တလက်လက် ထနေသည့် မိဖုရားကလေး မဗျိုင်းက မင်းကြီး၏ ရှေ့တော်မှောက်သို့ ရောက်ရှိလာသောအခါ "အရှင်မင်းကြီး ဒါ ဘာသီးတွေတုန်း ဖျာ့" ဟု မခို့တရို့ဟန်ဖြင့် မေးလေ၏။

ထိုအခါ ဘုရင်ကြီးမှာ ပြင်းစွာ အမျက်ထွက်ပြီး "သယ် ဘဝမေ့တဲ့ အမိုက်မ။ ဒီအသီးတွေဟာ နင် တသက်လုံး ရောင်းလာခဲ့တဲ့ အသီးတွေ ဆိုတာတောင် မသိလေရော့ သလား။

ငါ့နန်းတော်နဲ့ နင်လို ဘဝမေ့ ဘဝင်လေဟပ်သူ မတန်။ ဒီတော့ ကျောတရာ ရင်တရာ ကြိမ်ဒဏ်ခတ်ပြီး မြိုင်ရပ်နှင်စေ" ဟု တချက်လွှတ် အမိန့်တော် ချလိုက်လေ၏။

ကြိမ်ဒဏ်များကို ဆွေမေ့ မျိုးမေ့ ခံစားလိုက်ရတဲ့ မဗျိုင်းလည်း များမကြာမီ မူလ ဘဝဟောင်းက အတိုင်း ဆီးသီး ပြန်ရောင်းနေရ ပါတော့သည်။ တင်မိုး

Post a Comment

0 Comments