တခါက သူဌေးတဦးဟာ ခြံတခြံ ဝယ်လိုက်တယ်။ ခြံထဲက အိမ်ကို ပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့ သစ်သီးပင်တွေ ရှိတယ်။ ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းရင်းက အဲဒီ သစ်သီးပင်တွေကြောင့် ပါပဲ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက် လို့ပါ။
အိမ်ပြင်နေချိန် အတွင်းမှာ မိတ်ဆွေတချို့က ဗေဒင်ဆရာ ခေါ်ပြီး ကံကြမ္မာကို ကြည့်ဖို့ သူဌေးကို အကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည် ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေက အကြံပေးတော့ ဗေဒင်ဆရာ ခေါ်ဖို့ စဉ်းစားလိုက်တယ်။
ဗေဒင်ဆရာက နာမည်ကြီး တဦးပါ။ ဆရာကို အဝေးကြီး ကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြိုခဲ့ ပါတယ်။ ဆရာ့ကို ခေါ်ပြီး အိမ်ကိုပြန်ရာ လမ်းမှာ သူဌေးဟာ သူ့ကားကို ကျော်ဖို့ ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေး ခဲ့ပါတယ်။
ဒါကို ဗေဒင်ဆရာက တွေ့တော့ "ခင်ဗျား ကားမောင်းတာ တော်တော် တည်ငြိမ်တာပဲ" လို့ ဆိုတယ်။ သူဌေးက "ကားကျော်ဖို့ကြိုးစားသူ တိုင်းဟာ အရေးကြီးတဲ့ ကိစ္စတခုခု ရှိလို့ နေမှာပါ။ သူတို့ သွားလိုရာ လမ်းမှာ အချိန် နှောင့်နှေးလို့ မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။
အိမ်နား ရောက်ခါနီး လမ်းကျဉ်းတခုမှာ သူဌေးက ကားအရှိန်ကို လျော့လိုက်ပါတယ်။ ကလေးငယ်တယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာ ပါတယ်။ သူဌေးက ကားဘရိတ် အုပ်ပြီး လမ်းဘေး ချထားလိုက်တယ်။
ကလေးငယ်က ဖြတ်ကျော်သွား ပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တခုခုကို စောင့်နေသလို ပါပဲ။
ခဏနေတော့ ကလေးငယ် နောက်တယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာ ပြန်ပါတယ်။ရှေ့က ပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွား ပါတယ်။
ဒါကို ဗေဒင်ဆရာက "နောက်မှာ ကလေးတယောက် ရှိသေးတယ် ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ" လို့ မေးပါတယ်။ သူဌေးက
"ကလေးဆိုတာ တယောက်ကို တယောက် ပြေးလိုက် လိုက်လိုက် ဆော့ကစား ကြတယ်။ သူ့တယောက်တည်း နဲ့တော့ အဲဒီလောက် ပြုံးပြုံးရွှင်ရွှင် ပြေးလွှားနေမှာ မဟုတ်လို့ပါ" လို့ ဆိုတယ်။
အိမ်ကို ပြန်ရောက်တော့ သူဌေးက ကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက် ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံ သွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါး မဖွင့်သေးဘဲ အားနာတဲ့ ပုံစံနဲ့ "ဆရာ ခဏလောက် စောင့်ပါနော်" လို့ ဆိုတယ်။
ဘာကြောင့်လဲလို့ ဆရာက မေးတော့ သူဌေးက "အိမ်နောက် ခြံထဲမှာ ကလေးတွေ သစ်သီး ဝင်ခိုးနေတယ် ထင်တယ်။ ကျွန်တော်တို့ အခုချိန် ဝင်သွားရင် ကလေးတွေ လန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေ ကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူး လိုက်မယ်။ ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင် ပတ်ကြည့်ကြ တာပေါ့" လို့ ဆိုတယ်။
သူဌေးရဲ့ ပြောစကားကို ကြားတော့ ဆရာက တချက် စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲ ပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို ကျွန်တော် မကြည့်တော့ပါဘူး" လို့ ပြောတယ်။
သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက "ဟုတ်ပါတယ်။ ခင်ဗျားသာ ရှိရင် ခင်ဗျားရှိတဲ့ အရပ်က တကယ်ကောင်းတဲ့ နေရာမို့ပါ" လို့ ရှင်းပြတယ်။
လူတယောက်ရဲ့ အပြုအမူက ကံတရား ဖြစ်ပါတယ်။ အပြုအမူ လုပ်ရပ် ကောင်းတယ်၊ ကြင်နာ တတ်တယ်၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သူဟာ ဘယ်ရောက်ရောက် သူရောက်တဲ့ အရပ်ဟာ ကံကောင်းတဲ့ အရပ် ဖြစ်တယ်။
ဆန့်ကျင်ဘက် အနေနဲ့ အကျင့်စရိုက် မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူ တွေဟာ ဘယ်လိုပဲ ကြိုးစား ရုန်းကန်လည်း အကျိုးမဖြစ်ထွန်း ပါဘူး။ ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ် ဖြစ်ပါတယ်။ Crd
0 Comments