လူသားနှင့် ခြင်္သေ့

တခါက လူသားတယောက်နဲ့ ခြင်္သေ့ တကောင်ဟာ ဘယ်သူက မြင့်မြတ် ကြီးကျယ်တဲ့ မျိုးရိုးကို ပိုင်ဆိုင်ကြတယ် ဆိုတာနဲ့ ပတ်သတ်ပြီး အငြင်းအခုံ လုပ်ကြတယ်။

ဒီလိုနဲ့ အပြန်အလှန် အငြင်းအခုံ လုပ်တာကြာတော့ လူသားတွေ ပိုမို ကြီးကျယ်တဲ့ အကြောင်းကို သက်သေ ပြချင်သောအခါ လူသားက ခြင်္သေ့ကို ရုပ်တုတခု ညွှန်ပြလိုက်တယ်။

အဲဒီ ရုပ်တုဟာ လူသားတယောက်က ခြင်္သေ့တကောင်ရဲ့ လည်မျိုကို ညှစ်သတ်နေတဲ့ ရုပ်တုတခုသာ ဖြစ်ပါတယ်။

ထိုအခါ ခြင်္သေ့ကလည်း "ဒါက ဘာသက်သေမှ မဟုတ်ပါဘူး။ အကယ်၍ ခြင်္သေ့တကောင် ကသာ ပန်းပု ထုတတ်သူ ဖြစ်ခဲ့ရင် ခြင်္သေ့က လူသားကို အနိုင်ယူနေတဲ့ ပုံကို ထုခဲ့မှာပဲ" ဟု လူသားကို ပြန်ပြောလိုက်တယ်။

ဒီပုံပြင်လေးကနေ အတွေးတခုခု ရရှိလိမ့်မည်ဟု မျှော်လင့်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ရှိ အချို့သော သူတွေလည်း ပုံပြင်ထဲက လူသားလိုမျိုး ဖြစ်ပါတယ်။ မိမိရဲ့ အမြင်တခုတည်း ကိုသာ ကြည့်ရှု၍ ထင်ရာမြင်ရာ အတိုင်း ပြောဆိုတတ် ကြတယ်။

ပုံပြင်ထဲက လူသားတွေလို ရှိတဲ့ အချို့သော လူများမှာ မိမိထင်တဲ့ အတိုင်း မိမိမြင်တဲ့ အတိုင်း မိမိကြားတဲ့ အတိုင်း ပြောသင့် မပြောသင့် ဟုတ်မဟုတ် ဆိုတာကို သေချာ မလေ့လာဘဲ ပုံချဲ့ပြီး ပြောဆိုတတ် ပါတယ်။

တနည်း ပြောရရင် မိမိရဲ့ အသိဉာဏ်ရည်ကို အသုံးမပြုဘဲ ကြားတဲ့ မြင်တဲ့ အတိုင်း မှတ်ချက် ချမှတ်ကြတာ တွေပေါ့။ အဲလို မိမိရဲ့ ဉာဏ်ရည်ကို အသုံးမပြုတာ ကြာလာသောအခါ လွယ်ကူတဲ့ နည်းလမ်းတွေကို လိုက်ပြီး ရှာတတ်လာ ကြတယ်။

လွယ်လင့်တကူ ရမယ့် အလုပ်တွေကိုပဲ ရှာဖွေတတ် လာတော့တယ်။ သူများရဲ့ အသုံးပြုထားတဲ့ အရာနဲ့ပဲ အသုံးပြုချင် လာကြတယ်။ သူများရဲ့ စားပြီးသား အကြွင်းအကျန် တွေကိုပဲ စားဖို့ ကြည့်နေတတ် လာတယ်။

အဲဒီလို လူတွေဟာ မိမိကိုယ်တိုင် တီထွင် ဖန်တီးချင်စိတ်တွေ မရှိတော့ဘူး။ နောက်မှတော့ အဲဒီလို လူတွေဟာ ကြာလာတော့ သူများနောက်လိုက်ပဲ ဖြစ်လာ ပါတော့တယ်။

ဒါကြောင့် ထင်တိုင်း မပြော၊ ကြားတိုင်း မယုံ၊ သူများယောင်တိုင်း လိုက်မယောင်ဖို့နဲ့ ကိုယ့်လမ်း ကိုယ်ဖောက်ပြီး ကြိုးစားနေဖို့ လိုပါတယ်။ Crd

Post a Comment

0 Comments