တခါက ထင်ရှား ကျော်ကြားတဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီး တယောက်ကို သတင်းထောက် တယောက်က ဘာကြောင့် တီထွင်မှုတွေ အများကြီးကို လုပ်နိုင်ခဲ့တာလဲ လို့ မေးတယ်။
ပညာရှင်ကြီးက သူ အသက် ၂ နှစ်သားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်ပါ လို့ ပြောပြီး ခုလို ရှင်းပြတယ်။
တမနက်မှာ သူဟာ ရေခဲသေတ္တာ ထဲက နွားနို့ပုလင်းကြီးကို စားပွဲပေါ် တင်ဖို့အတွက် လက်နှစ်ဖက်နဲ့ မယူ ထုတ်လိုက်တယ်။ နို့ပုလင်းကြီးဟာ သူ့လက်တွေ ထဲကနေ ချောပြီး ကြမ်းပြင်ပေါ်ကို လွတ်ကျပြီး ခွမ်းကနဲ ကွဲသွားတယ်။
နို့တွေဟာ မီးဖိုခန်းရဲ့ ကြမ်းပြင် တခုလုံးမှာ ဖိတ်စင် သွားပါတယ်။ သူ့အမေဟာ ပုလင်းကျကွဲသံ ကြားလို့ မီးဖိုထဲကို ဝင်လာတယ်။ မီးဖိုတခန်းလုံး နွားနို့တွေနဲ့ အိုင်ထွန်း နေတာကို တွေ့လိုက်တယ်။
သူဟာ အမေကို မြင်လိုက်တော့ ကြောက်လန့်ပြီး ကိုယ်လုံးလေးဟာ တုန်ယင် နေပါတယ်။ ဒါပေမဲ့ အမေဟာ သူ့ကို အော်ဟစ်ငေါက်ငန်းခြင်း၊ ဆူပူ ကြိမ်မောင်းခြင်း၊ ဒဏ်ပေးခြင်း စတာတွေ လုံးဝ မလုပ်ဘဲ အခုလို ပြောလိုက်ပါတယ်။
"သားလေး၊ မင်းဟာ နို့ပုလင်းကို လွတ်ချလိုက်ပြီး အံ့သြစရာ ကောင်းတဲ့ နို့အိုင်ကြီးတခုကို ဖန်တီးလိုက်ပြီ။ ဒါတွေဟာ ဖြစ်ပြီးသွားပြီ။ ဖြစ်ပြီးသွားတာတွေ အတွက် ဝမ်းနည်းမနေနဲ့။ နောင်တ ရမနေနဲ့။
ငါတို့ မီးဖိုကို နွားနို့တွေကို ရှင်းလင်းပြီး ခြောက်သွေ့အောင် ပြန်မလုပ်ခင် မင်း နို့အိုင်ထဲမှာ လူးလိမ့်ပြီး အားရအောင် ကစားလိုက်ပါအုံး" တဲ့။ သူဟာ အမေပြောသလို နို့အိုင်ထဲမှာ လူးလိမ့် ကစားနေ လိုက်တယ်။
မိနစ်အနည်းငယ် ကြာတော့ အမေက "သားလေး၊ မင်း ခုလို ညစ်ပတ် ပေရေအောင် လုပ်ပြီးသွားရင် သန့်ရှင်းရေး လုပ်ပြီး နဂိုမူလအတိုင်း ဖြစ်အောင် ပြန်လုပ်ရမယ်။
အဲဒီတော့ မီးဖိုကို ဘယ်လို သန့်ရှင်းရေး လုပ်ကြမလဲ။ တံမြက်စည်း လှည်းမလား။ အဝတ်နဲ့ သုတ်မလား။ ရေမြှုပ်နဲ့ တိုက်မလား။ မင်း ဘယ်ဟာကို ကြိုက်သလဲ"
သူက အဝတ်နဲ့ သုတ်မယ် ပြောလို့ သားအမိနှစ်ယောက် မီးဖိုကို အဝတ်တွေနဲ့ သုတ်ပြီး ခြောက်သွေ့အောင် လုပ်လိုက်ကြ ပါတယ်။ သန့်ရှင်းရေး လုပ်ပြီးသွားချိန်မှာ အမေက သူ့ကို ခုလို ပြောပါတယ်။
"သားလေး၊ အခု မင်းကြုံတွေ့ခဲ့တာဟာ မင်းဟာ မီးဖိုကို ညစ်ပေစေချင်လို့ တမင်လုပ်လိုက်တာ မဟုတ်ဘူး။ မင်းရဲ့ လက်သေးသေးလေး နှစ်ဖက်နဲ့ နွားနို့ပုလင်းကြီးကို ဘယ်လို ကိုင်ပြီး သယ်ရမယ် ဆိုတဲ့ စမ်းသပ်မှု ကျရှုံးသွားတာပါ။
ဒီတော့ နွားနို့ပုလင်းအလွတ်တလုံးနဲ့ ပန်းခြံထဲက ရေပန်းမှာ ရေဖြည့်ပြီး နို့ပုလင်းကို လွတ်မကျအောင် ကိုင်ရမလဲ ဆိုတာကို လေ့ကျင့်ကြည့်စမ်း"
သူဟာ ပန်းခြံထဲမှာ ရေအပြည့် ဖြည့်ထားတဲ့ ပုလင်းကို လွတ်မကျအောင် လေ့ကျင့်တယ်။ လက်နှစ်ဖက်ကို ပုလင်း အောက်ခြေနားမှာ ကိုင်ပြီး သယ်ရင် လွတ်မကျဘူး ဆိုတာကို သိလိုက်တယ်။
ပုလင်းသယ်တဲ့ နည်းသစ်ကို ရှာတွေ့လိုက်တယ်။ ၂ နှစ်သားကလေးအတွက် စိတ်လှုပ်ရှားစရာ ရှာဖွေ တွေ့ရှိမှုပါ။
တီထွင်ပညာရှင်ကြီးက ဒီအကြောင်း သတင်းထောက်ကို ခုလို ဆက်ရှင်းပြတယ်။ သူဟာ အဲဒီအချိန်က စပြီး အမှား လုပ်မိမှာကို ကြောက်စရာ မလိုဘူး ဆိုတာကို သိလိုက်ရတယ်။ တကယ်တမ်း အမှားလုပ်တယ် ဆိုတာ အသစ်အဆန်း တခုကို တွေ့ရှိဖို့ အခွင့်အလမ်း တခု ဖြစ်တယ်။
စမ်းသပ်မှု တခု လုပ်ရင်း အမှား လုပ်မိတယ်၊ မအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီအမှား ကနေ သင်ခန်းစာ တခုခုတော့ ရလိုက်ပါတယ်။ ဒါကြောင့်မို့လည်း သူဟာ ကျရှုံးမှာကို မကြောက်ဘဲ စမ်းသပ်မှုတွေ အများကြီး လုပ်ရင်း အောင်မြင်မှုကြီး တွေကို ရလိုက်တာပါတဲ့။
သင့်ကလေး အမှားတခုခု လုပ်မိတယ်ဆိုရင် ဆူဆဲ ငေါက်ငမ်းတာတွေ လုပ်မယ့်အစား သိပ္ပံပညာရှင်ကြီးရဲ့ အမေလို ကလေးကို ပညာပေးတတ်တဲ့ မိခင်တွေ ဖြစ်ကြပါစေဗျာ။ ဗန်းမော်သိန်းဖေ
0 Comments