ခွေးလေးတွေက အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးတွေပါပဲ။ ခွေးလေးတွေကို လက်အမူအရာပြပြီး သင်ကြားပေးဖို့က မခက်ပါဘူး။ လက်အမူအရာလေးတွေကို သိထားတဲ့အခါ သင်နဲ့ ခွေးလေးအကြားမှာ ရင်းနှီးမှုတွေ ပိုတိုးလာမှာပါ။
ခွေးတိုင်းမှာ ခြေဟန်လက်ဟန်အမူအရာကို သင်ယူနိုင်တဲ့အရည်အချင်း ရှိကြပါတယ်။ ခွေးလေးတွေကို အသံနဲ့ အမိန့်ပေးလို့ရပေမယ့် ခြေဟန်လက်ဟန်နဲ့ သင်ပေးတာက သူတို့အတွက် ပိုလွယ်ကူပါတယ်။
ခြေဟန်လက်ဟန်အမူအရာတွေကို ခဏခဏလုပ်ပြတဲ့အခါ လူသားတွေဆိုလိုတဲ့အဓိပ္ပါယ်ကို ခွေးလေးတွေက နားလည်နိုင်ကြပါတယ်။
ခွေးလေးတွေကို ခြေဟန်လက်ဟန်အမူအရာနဲ့ လေ့ကျင့်ပေးတော့မယ်ဆိုရင်
- မုန့်ကျွေးပြီးတော့ သင်ပေးလို့ရပါတယ်။
- သင်ပေးပြီးတတ်မြောက်သွားတဲ့အခါတိုင်းမှာ မုန့်ကျွေးပြီး ချီးကျူးပါ။
- အသံနဲ့အမိန့်ပေးတာကို မသင်ခင် လက်အမူအရာနဲ့ အရင်ဆုံးလေ့ကျင့်ပါ။
- လက်အမူအရာနဲ့ အမြဲလိုလိုသင်ကြားပေးရင် တတ်မြောက်လွယ်ပါတယ်။
၁။ "ငါ့ကို ကြည့်"
ဒီလိုအမူအရာလုပ်ပြတာက သင့်ကို အာရုံစိုက်ကြည့်ပါလို့ ဆိုလိုပါတယ်။ လက်ကို မျက်လုံးအောက်ဘက်ကို ညွှန်ပြလိုက်ရုံပါပဲ။
၂။ "တော်လိုက်တာ"
သင့်ခွေးလေးက အမူအရာတစ်ခုခုကို ပြုလုပ်ပြီးလို့ ချီးကျူးလိုတဲ့အခါ လက်မထောင်ပြလိုက်ပါ။ ခွေးလေးတွေက သူတို့ကို ချီးကျူးတာကို နားလည်ပြီး အရမ်းသဘောကျကြပါတယ်။
၃။ "ထိုင်မယ်"
ခွေးလေးကို ထိုင်ခိုင်းချင်တဲ့အခါ သင်ရဲ့လက်ကို အပေါ်ဘက်ကို မြှင့်ပြလိုက်ပါ။ အစပိုင်းမှာတော့ ခုန်ခိုင်းတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သင့်ရဲ့လက်အမူအရာကို နားလည်သွားနိုင်ပါတယ်။
၄။ "ဝပ်ချလိုက်"
ဒါကတော့ ထိုင်မယ်နဲ့ ဆန့်ကျင်ဘက်ပါ။ အရင်ဆုံးခွေးရဲ့နှာခေါင်းမှာ သင့်လက်ကို တင်ထားလိုက်ပြီး လက်ကို သူ့ရဲ့ရှေ့ခြေထောက်နှစ်ချောင်းကြားထဲ ချလိုက်ပါ။ ခွေးလေးက အရမ်းစိတ်လှုပ်ရှားနေတဲ့အခါ ဒီနည်းက အရမ်းအသုံးဝင်ပါတယ်။
၅။ "အဲဒီမှာပဲ နေ"
ခွေးလေးကို သူနေနေတဲ့အနေအထားအတိုင်းပဲ နေစေချင်ပြီး မလှုပ်စေချင်တဲ့အခါမှာ ဒီအမူအရာကို အသုံးပြုနိုင်ပါတယ်။ ခွေးရဲ့မျက်နှာကို မထိဘဲ သူ့ရဲ့မျက်နှာရှေ့မှာ သင့်လက်ကို ထားလိုက်ပါ။
၆။ "လက်ပေးပါဦး"
ခွေးလေးတွေက လက်ပေးရတာကို သဘောကျလေ့ရှိပါတယ်။ သူတို့ကို လက်ပေးစေချင်တဲ့အခါမှာ သင်ရဲ့လက်ကို ခွေးရှေ့မှာ ဆန့်ထုတ်ပြလိုက်ပါ။ ဒါပေမယ့် အစပိုင်းမှာတော့ အခြားသောအမူအရာတွေနဲ့ ရောထွေးသွားတတ်ပါတယ်။ ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးနောက်မှာတော့ ခွေးလေးက သူ့လက်ကို ပေးတတ်လာပါတယ်။
၇။ "High five"
High five လုပ်တဲ့ပုံစံက လူသားတွေနဲ့ လက်ဝါးချင်းရိုက်သလိုပုံစံပါပဲ။ လက်ဖဝါးကို ထောင်ပြပါများရင် high five လုပ်ရမယ်ဆိုတာကို ခွေးလေးတွေ သိကြပါတယ်။
၈။ "ဒီကို လာခဲ့နော်"
ခွေးလေးတွေက သင် မသွားစေချင်တဲ့နေရာမှာ ရောက်နေလို့ ပြန်ခေါ်ချင်တယ်ဆိုရင် ညာဘက်လက်ကို ဘယ်ဘက်ရင်အုံနားကို တင်လိုက်ပါ။ သို့မဟုတ် ဘယ်ဘက်လက်ကို ညာဘက်ရင်အုံပေါ်မှာ တင်လိုက်ပါ။
၉။ "ထပ်ကြပ်မကွာလိုက်ခဲ့နော်"
ခွေးလေးကို သင့်ရဲ့ဘေးမှာ ထပ်ကြပ်မကွာလိုက်လာစေချင်တယ်ဆိုရင် သင့်ရဲ့ပေါင်ဘေးကို ပုတ်ပြီး လေ့ကျင့်ပေးလို့ရပါတယ်။ ဒီအမူအရာကို တွေ့တဲ့အခါ ခွေးလေးက သင့်နောက်ကို လိုက်ရမယ်ဆိုတဲ့အကြောင်း နားလည်ပါတယ်။
၁၀။ "ငြိမ်ငြိမ်နေ"
သင့်ရဲ့ခွေးလေးကို မဟောင်စေချင်တဲ့အခါ၊ သူရှိနေတဲ့နေရာမှာပဲ ဆက်ရှိနေစေချင်တဲ့အခါမှာ သင့်ရဲ့လက်ချောင်းကို နှုတ်ခမ်းနားမှာ ကပ်ပြီး "ရှူး တိုးတိုး" ဆိုတဲ့ပုံစံလုပ်ပြလို့ရပါတယ်။ ဒီနည်းကတော့ ခွေးလေးတွေအတွက် အလွယ်ဆုံးအမူအရာပါပဲ။
Zombie (lovemedia)
0 Comments