သစ်ရွက်ခြောက်နှင့် ရွှံ့တုံး

တခါက သစ်ရွက်ခြောက်နဲ့ ရွှံ့တုံးတတုံးဟာ အဆွေခင်ပွန်း ဖွဲ့ပြီး နေထိုင်ခဲ့ကြ ပါသတဲ့။ တနေ့တော့ သစ်ရွက်ခြောက်က ဒီလိုပြောတယ်။

"သူငယ်ချင်း မကြာခင်မှာ မိုးဦး ကျတော့မယ်ကွ။ အဲဒီအခါ မိုးတွေရွာ၊ လေတွေ တိုက်မယ်။ မိုးရေဟာ ရွံ့တုံးကို အရည်ပျော် သွားနိုင်သလို၊ လေတိုက်ရင်လည်း သစ်ရွက်ခြောက်ဟာ လွင့်ပါးသွား နိုင်တာပဲ။ ဒါကြောင့် တို့တွေ ဘေးကင်းတဲ့နေရာကို ရှာဖို့ လိုတယ်"

အဲဒီလို သစ်ရွက်ခြောက်ရဲ့ အကြံအစည်ကို ရွှံ့တုံးကလည်း မဆိုင်းမတွပဲ လက်ခံတယ်။ အဲသည်လိုနဲ့ မိတ်ဆွေနှစ်ဦးဟာ ဘေးကင်းရာကို ရှာဖို့ ခရီးထွက်လာ ကြတယ်။ သူတို့ ခရီးထွက်ပြီး မကြာခင်မှာပဲ မိုးသားတိမ်လိပ်တွေဟာ ကောင်းကင်အနှံ့ ဖုံးအုပ်လာတယ်။ မိုးတိမ်မည်းတွေ ဖုံးအုပ်လာတာနဲ့ အတူ မိုးဦးလေ ဟာလည်း ခပ်ကြမ်းကြမ်းပဲ တိုက်လာ ပြန်တယ်။

အဲဒီလို လေတွေ တိုက်လာတဲ့ အခါမှာတော့ ရွှံ့တုံးဟာ သစ်ရွက်ခြောက်ကို လွင့်မပါသွားစေဖို့ အတွက် ကာကွယ်ပေးထား ပြန်တယ်။ အဲဒီလိုနဲ့ လေတိုက်ပြီး တခဏ အကြာမှာတော့ မိုးစက်မိုးပေါက်တွေ တဖြောက်ဖြောက် ကျလာပြန်တယ်။ အဲဒီတကြိမ်မှာတော့ သစ်ရွက်ခြောက်ဟာ ရွံ့တုံးရဲ့ အပေါ်မှာ မိုးအုပ်ပြီး ကာကွယ်ပေးထား ပြန်တယ်။

အဲဒီလိုနဲ့ အဆွေခင်ပွန်း နှစ်ယောက်ဟာ အန္တရာယ်က လွန်မြောက်ပြီး ပျော်တပြုံးပြုံး ဖြစ်လာကြတယ်။ "ဟား တကယ်တော့ ဘယ်အန္တရာယ် ကမှ ငါတို့ကို ပျက်စီးစေမှာ မဟုတ်ဘူး" လို့ သူတို့ ပြောဆို ရယ်မောခဲ့ ကြတယ်။ ဒါပေမယ့်လည်း သူတို့ နှစ်ဦးအတွက် ကံဆိုးမိုးမှောင် ကျစေမယ့် ဖြစ်ရပ်တခု ဖြစ်ခဲ့တယ်။

အဲဒါကတော့ မိုးဟာ အလွန်သည်းထန်စွာ ရွာချလိုက်တာပဲ ဖြစ်တယ်။ မိုးသည်းထန်စွာ ရွာတာနဲ့ အတူ အင်မတန် ပြင်းထန်လှတဲ့ လေအဟုန် ဟာလည်း တဟူးဟူး တိုက်ခတ်လာတယ်။

အဲဒီအချိန် မှာတော့ သစ်ရွက်ခြောက်ဟာ လေပွေနဲ့ အတူ ထာဝရ ပျောက်ကွယ် လွင့်ပါးသွား ခဲ့သလို ရွှံ့တုံးဟာလည်း မိုးရေနဲ့ အတူ အရည်ပျော် စီးမျောသွား ခဲ့ပါတော့တယ်။

တကယ်တော့ ကျနော်တို့ လူသားတွေရဲ့ အသက်ဓါတ်မီးဟာ သစ်ရွက်ခြောက်နဲ့ ရွှံ့တုံးလိုပဲ ဖြစ်တယ်။ သစ်ရွက်ခြောက်နဲ့ ရွှံ့တုံးတို့ဟာ အချင်းချင်း အပြန်အလှန် ကူညီဖေးမရင်း ကာကွယ်ပေးသလို ကျနော်တို့ တွေဟာလည်း ခင်တွယ်ရာ ဇနီး၊ ခင်ပွန်း၊ သား၊ မီး၊ ဆွေမျိုးညာတိ အချင်းချင်း ကာကွယ်ဖေးမရင်း သေဘေးကင်းရာကို ရှာဖွေနေကြသူတွေပဲ ဖြစ်တယ်။

ရွှံ့တုံးကို ကာကွယ်ထားတဲ့ သစ်ရွက်ခြောက်လို ကျနော်တို့ ဟာလည်းပဲ မိမိရဲ့ စည်းစိမ်၊ ကျော်ကြားမှု၊ အောင်မြင်မှု သစ်ရွက်ခြောက်တွေ အောက်မှာ ပုန်းကွယ်ရင်း သေခြင်းတရားကို မေ့လျော့နေတတ် ကြပါတယ်။

ရွှံ့တုံးအားကိုးနဲ့ လေကို အံတုနေတဲ့သစ်ရွက်ခြောက်လို မိမိရဲ့ သေးသိမ် အားနည်းတဲ့ အဖြစ်ကို မေ့လျော့ပြီး သား၊ သမီး၊ ဇနီး ကြင်ယာတွေရဲ့ သံယောဇဉ်နောက်ကွယ်မှာ ထာဝရ ပုန်းခိုလိုကြသူတွေပဲ ဖြစ်တယ်။

အဲဒီလို အခိုက်အတန့် မှာတော့ "ဘယ်အန္တရာယ်မှ ငါတို့ကို မဖျက်ဆီးနိုင်ဘူး" ဆိုပြီး ထင်မြင်နေကြတဲ့ ရွှံ့တုံးနဲ့သစ်ရွက်လို သေခြင်းတရားကိုမေ့လျော့ပြီး ထာဝရရှင်သန်နိုင်သူလို့ ထင်နေကြပြန်တယ်။

"ငါတို့ကို ဘယ်သူမှ မခွဲနိုင်ပါဘူး" လို့ ပြောဆိုကြွေးကြော်နေကြပြန်တယ်။ ဒါပေမယ့်လည်း ကျနော်တို့တွေဟာ မမြဲခြင်း သင်္ခါရရဲ့ သားကောင်တွေပဲ ဖြစ်ကြတယ်။

လေရော၊ မိုးရော သည်းထန်စွာ ရွာတဲ့အခါ တဦးနဲ့တဦး မကာကွယ်နိုင်ကြတဲ့ အဖြစ်လို သေခြင်းတရားရဲ့ ခေါ်ငင်ခြင်းခံရတဲ့ အချိန်မှာတော့ ကျနော်တို့ဟာ အကာအကွယ်မဲ့စွာ လိုက်ပါသွားကြရမှာပဲ ဖြစ်တယ်။

အချင်းချင်း မကူညီနိုင်တဲ့ ရွှံ့တုံးနဲ့ သစ်ရွက်ခြောက်လို့ ကျနော်တို့ကိုယ်တိုင်အပြင် ကျနော်တို့ ခင်တွယ်သူတွေ အားလုံးဟာလည်း သစ်ရွက်ခြောက်လို လွင့်ပါး ပျောက်ကွယ်သွားရမယ့် သူချည်းဖြစ်တယ်

အချင်းချင်း မကာကွယ်နိုင်ကြတဲ့ သစ်ရွက်ခြောက်နဲ့ ရွံ့တုံးလို ကျနော်တို့ ချစ်မြတ်နိုးသူတွေ ကိုတောင်မှ မကယ်နိုင်တဲ့ အဖြစ်တွေ မလွဲမသွေ ကြုံကြရမှာပဲ ဖြစ်တယ်။ အဲဒီလို ပျောက်ကွယ်သွားရမယ့်သူချင်း တူပါလျက် If you don't live for something, you'll die for nothing ဆိုတဲ့ စကားလို

တစုံတခုအတွက် အသက်ရှင်နေတာ မဟုတ်ရင်၊ အဓိပ္ပါယ်မဲ့စွာ သေဆုံးသွားရမယ် လို့ဆိုတယ်။ သဘောကတော့ လူသားတယောက်ဟာ သေရမှာချင်း တူရင်တောင် ရှင်သန်ရမယ့် ဘဝအချိန် တိုတိုဟာ ဘဝအဓိပ္ပါယ် ပြည့်ဝနေဖို့ လိုတယ်လို့ ဆိုတယ်။

လူသားတယောက်ရဲ့ နေ့ရက်တိုင်းဟာ အမုန်းတရားတွေ၊ ဒေါသတွေ၊ တက်မက်ခြင်းတွေ၊ ကောက်ကျစ်စဉ်းလဲခြင်း တွေနဲ့ သားရဲတကောင်လို အဓိပ္ပါယ်မဲ့ သေဆုံးရမယ့်အစား မိမိနဲ့ပတ်သက်သမျှ လူတွေတိုင်း အပေါ် စာနာထောက်ထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ ပေးကမ်းစွန့်ကြဲ တတ်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ ဂရုဏာတရားတွေနဲ့ အတူ

လောကကို အကျိုးပြုသူ အဖြစ်သာ သေဆုံးသွားသင့်တယ် လို့ ဆိုတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူတိုင်းလူတိုင်းဟာ သေခြင်းရဲ့ လေပွေမှာ လွင့်ပါ ပျောက်ကွယ်သွားရမှာချည်းပဲ ဖြစ်ပါတယ်။ PhyoThuta

Post a Comment

0 Comments