ခေါင်းဆောင်ကောင်းတို့၏ စိတ်ဓာတ်

တခါက မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေ နောက်ကို အမဲလိုက် မုဆိုးတွေ လိုက်ရင်းနဲ့ ချောက်ကမ်းပါးတခုရဲ့ ထိပ်မှာ တောင် ဆိတ်အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ပိတ်မိသွားတယ်။

သူတို့ ခုန်ကူးနိုင်တာထက် ချောက်ကမ်းပါးကြီးက ပိုကျယ် နေတယ်။ အောက်မှာကလည်း ရေစီးသန်တဲ့ ချောင်းကြီး တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ ချောက်ကမ်းပါးက တဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။

မုဆိုးတွေက တောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ် တော့ဘူး။ လွယ်လွယ်နဲ့ အကုန် ဖမ်းမိပြီလို့ တွက်ကြတယ်။ သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲ ကြည့်နေကြတယ်။

သူတို့ ကြည့်နေတုံးမှာ တောင်ဆိတ် တကောင်က အရဲစွန့်ပြီး လွှားကနဲ ခုန်ကူးလိုက်တယ်။ အလှမ်း ကျယ်လွန်းလို့ တဖက်ကမ်းဆီ မရောက်ပဲ ချောက်ကမ်းပါး နက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲ မျောပါသွားတယ်။ နောက်ထပ် တကောင်မှ ထပ်မခုန်ရဲ တော့ဘူး။ ကြောက်လန့် တုန်လှုပ် နေကြတယ်။

အဲဒီ အချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။ တောင်ဆိတ် ခေါင်းဆောင်ဟာ ကြောက်လန့်တကြား ဖြစ်နေတဲ့ သူ့အုပ်စုကို အသံကျယ်ကျယ်နဲ့ အချက်ပေး လိုက်တယ်။

သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခု ခွဲလိုက်ကြတယ်။ တအုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ်အိုတွေ၊ နောက်တအုပ်စုက တောင်ဆိတ်ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ။

မုဆိုးတွေကလည်း သူတို့ ဘာဆက်လုပ်ကြမလဲ လို့ စိတ်ဝင်တစား စောင့်ကြည့်နေ ကြတယ်။ နောက်တခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေး လိုက်တော့ တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီး ခုန်ကူးကြတယ်။

တောင်ဆိတ်အိုတွေက အရင်ဆုံး စပြီး ခုန်တယ်။ စက္ကန့်ပိုင်း ခြားပြီး တောင်ဆိတ်ငယ်လေး တွေက သူတို့ နောက်မှာ လိုက်ခုန်ကြတယ်။

အဲဒီလို အရင် ခုန်လိုက်လို့ နဲနဲလေး ရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အို တွေရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တဆင့် အားယူပြီး ထပ်ခုန်လိုက်တော့

တောင်ဆိတ်ငယ်လေးတွေဟာ တဖက်ကမ်းကို လွတ်လွတ် ကျွတ်ကျွတ် ရောက်သွား ကြတယ်။ တောင်ဆိတ်အိုတွေ ကတော့ ချောက်ကမ်းပါးထဲ အကျခံပြီး စတေးခံ သွားကြရှာတယ်။

တောင်ဆိတ်ခေါင်းဆောင် ကြီးကလည်း သူ့အုပ်စု အကုန် ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင် ထင်ပါတယ်။ မုဆိုးတွေဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။

သေနတ် တချက် မှန်သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီး ရှေ့ဆက် တိုးဝင်လာလို့ ထပ်ပစ်ရတယ်။ နှစ်ချက် သုံးချက် မှန်သွားမှပဲ ချောက်ထဲ ပြုတ်ကျသွားတယ်။

မုဆိုးတွေဟာ တောင်ဆိတ်ခေါင်းဆောင်ရဲ့ ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အို တွေရဲ့ စွန့်လွှတ် အနစ်နာ ခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်း ပြောပြနေ ကြတယ်။

ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန်တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေ ပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေက ရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲတဲ့။ မောင်စိန်ဝင်း (ပုတီးကုန်း)

Post a Comment

0 Comments