ဝက်ပျင်းနဲ့ ခွေးပျင်း

တခါက လွင်ပြင်တခုမှာ ဝက်ကြီး တကောင်ဟာ လှည့်လည် အစာရှာ နေသတဲ့။ အဲဒီအခါမှာ ခွေးတကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ ကိုက်စားမယ် ဆိုပြီး အပြေး လိုက်သတဲ့။

ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံ ပေးပြီး ဟောင်ဖွာ ဟောင်ဖွာနဲ့ လိုက်သတဲ့။ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။

အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်က လိုက်လာတဲ့ ခွေးက "ဟာ မီမှာ မဟုတ်တော့ပါဘူး" ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။

ဒီအခါ ရှေ့က ပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေး ဆက်မလိုက်မှန်း သိတာနဲ့ "ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ" ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ အေးအေးဆေးဆေး အစာရှာနေတယ်။

အဲဒီအခါ ခွေးက အနီး ရောက်လာပြီး တစ်ခါ ကိုက်စားမယ်ဆိုပြီး အပြေးလိုက် ပြန်တယ်။ ခွေးက လိုက်ပြန်တော့ ဝက်ကြီးကလည်း ပြေးပြန်တာ ပါပဲ။ ဝက်ကြီး ပြေးပြီဆိုရင် ခွေးကလည်း ဆက်မလိုက်တော့ဘဲ ရပ်နေရောတဲ့။

ဒီလိုနဲ့ ခွေးက လိုက် လိုက်၊ ဝက်က ပြေးလိုက် ပြေးလိုက်၊ ခွေးက ရပ်လိုက်၊ ဝက်က ရပ်လိုက်နဲ့ ဝက်ကြီးကလည်း တကယ် လွတ်ကျွတ်အောင် မပြေးဘူး၊ ခွေးကလည်း တကယ် မီအောင် မလိုက်ဘူး။ ခွေးရော ဝက်ကြီးပါ အပျင်းတွေ ချည်းပဲတဲ့။

ဤပုံပြင်အတိုင်းပင် လူ့စိတ်သဘာဝလည်း လောကဓံဒုက္ခ ခပ်ဆိုးဆိုးများ နောက်က ထပ်ကြပ်လိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို အမြန် ပြေးယူလို ပေသည်။ တက်ကြွနိုးကြား လာတတ်ပေသည်။

လောကဓံ ဒုက္ခများ သက်သာ ရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွား တတ်သည်။ ပစ္စုပ္ပန် တမလွန် ကိုယ့်အကျိုးစီးပွား ကိုယ့်ကိစ္စများကို တိုးတက်အောင် မလုပ်လိုဘဲ အပို အလုပ်များ၊ အပျော်အပါး ကိစ္စများဖြင့်သာ အချိန် ဖြုန်းတီးနေ တတ်သည်။

ပုံပြင်ထဲက ဝက်ပျင်းပမာ လောကဓံ ဒုက္ခဆိုးများ မိမိနောက်က အဆက်မပြတ် လိုက်နေမှ ကုသိုလ်ကောင်းမှုကို အဆက်မပြတ် လုပ်တတ်သည့် သဘော သက်ရောက်နေ တတ်ပေသည်။ အမှန်မှာ ဤသို့ မဖြစ်သင့်ပေ။

"ဆင်းရဲ၏နောက် ချမ်းသာရောက်" ဟူသော သဘောအရ ဆင်းရဲတွေ့လျှင် လက်မှိုင်ချ မနေဘဲ ကြိုးစားရမည် ဖြစ်သကဲ့သို့ တကယ်တမ်း ချမ်းသာသုခ ဖြစ်ပေါ်လာသော ကာလ တွင်လည်း မမေ့မလျော့ ကြိုးစားရမည် ဖြစ်ပေသည်။

လောက၏ သဘာဝမှာ ကြီးမားသော ချမ်းသာကို ရလိုလျှင် ချမ်းသာငယ်ကို ရဲရဲအနစ်နာခံ စွန့်ရမည်သာ ဖြစ်၍ ကြီးမားလှသောဆင်းရဲကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို ချုပ်တည်းအောင့်အည်း သည်းခံရမည်သာ ဖြစ်ပေသည်။ (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး) တော်ဝင်နွယ် (ယောဆရာတော်၏ ဓမ္မပုံပြင်များ)

Post a Comment

0 Comments