ရေကန်ကြီးလို ခံယူပါ

တခါက ဉာဏ်ပညာ ထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး တဦး ရှိပါတယ်။ သူဟာ တနေ့မှာတော့ အိမ် မီး လောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက် အားလျော့စွာနဲ့ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တယောက်ဆီ ရောက်လာပါတယ်။

ပညာရှိကြီးက ထိုလူငယ်ကို ရေ တဖန်ခွက် သွားယူခိုင်းပြီး ဆားတဆုပ်ကိုလည်း ယူလာခိုင်း ပါတယ်။ ရေဖန်ခွက် ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေ ပါတယ်။ ပြီးတော့ "ဘယ်လို အရသာမျိုး ရှိသလဲ" လို့ မေးလိုက်တယ်။

ထိုလူငယ်က "ခါးတူးနေအောင် ငန်ပါတယ်" လို့ ပြန်ဖြေပါတယ်။ ဒီတော့ ပညာရှိကြီးက အသာ ပြုံးလိုက်ရင်း ထိုသူကို ဆားတဆုပ်ကို ယူလာခဲ့ပါလို့ ထပ်ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ ပါတယ်။

မြို့အပြင်ဘက်ကို လမ်းလျှောက် လာကြရင်း ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီး တကန်နား ရောက်လာကြ ပါတယ်။ ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ် လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်း လိုက်ပါတယ်။

ပြီးတော့ လူငယ်ကို "ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး" လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲက ရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက် ပါတယ်။

ပညာရှိကြီးက လူငယ် ရေသောက် ပြီးတဲ့အခါ "အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ" လို့ မေးလိုက်ပါတယ်။ ဒီတော့ လူငယ်က "လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာအတိုင်း ပါဘဲ" လို့ ပြန်ဖြေပါတယ်။

"စောစောတုန်းက ရေခွက် ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငန်သေးရဲ့လား" လို့ ပြန်မေးပြန်တဲ့အခါ "မငန်တော့ပါဘူး" လို့ လူငယ်က ပြန်ဖြေလိုက် ပါတယ်။

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ ပုတ်လိုက်ကာ "ငါတို့ ဘဝတွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံး ခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့ တူပါတယ်။

ဘဝမှာ ကြုံလာတဲ့ နာကျင် ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လို ခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်။ မင်းက ခွက်သေးသေးနဲ့ ခံယူမယ် ဆိုရင် ထိခိုက် ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်။

ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ် ဆိုရင် အဲဒီ ဆုံးရှုံးမှု၊ စိတ်ထိခိုက် နာကျင်မှု တွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့။

ဒီတော့ ဘဝမှာ ထိခိုက် ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီး တာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်စေပါနဲ့။ ရေကန်တကန် အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ။

ဒီလိုဆိုရင် နာကျင် ခံစားနေရတာတွေဟာ ရေကန်ထဲ ရောက်သွားတဲ့ ဆားတဆုပ်လို လျော့ပါး သက်သာ သွားပါလိမ့်မယ်" လို့ ပြောလိုက်ပါတယ်။ Crd

Post a Comment

0 Comments