ပစ္စည်းတွေမှာ သံချေးတက်နေတယ်ဆိုရင် ဖယ်ရှားဖို့ခက်ခဲပါတယ်။ အထူးသဖြင့် အဝတ်အစားတွေမှာ သံချေးတက်နေရင် ဖယ်ရှားဖို့ မလွယ်ကူပါဘူး။ အဲဒါကြောင့် နေ့စဉ်သုံးပစ္စည်းတွေမှာ သံချေးတက်နေတယ်ဆိုရင် အလွယ်တကူ ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
သတ္တုပစ္စည်းတွေမှာ သံချေးတက်နေတဲ့အခါ
လတ်ဆတ်တဲ့အာလူးတစ်လုံးကို ထက်ခြမ်းခြမ်းလိုက်ပါ။ ဓားမှာ သံချေးတက်နေတယ်ဆိုရင် ဓားပေါ်ကို ဆားနဲ့ မုန့်ဖုတ်ဆိုဒါအနည်းငယ်ဖြူးလိုက်ပါ။ အဲဒီနောက် ဓားပေါ်ကို အာလူးနဲ့ ခပ်ကြာကြာပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပြီး ပြောင်စင်သွားတဲ့အခါ ရေဆေးချလိုက်လို့ရပါပြီ။
တစ်ခါတရံမှာ သံချေးတွေက အကုန်မပြောင်ဘဲ ကျန်နေတတ်ပါတယ်။ အဲဒီအခါ ရှာလကာရည်နဲ့ တစ်ညခန့်စိမ်ထားပေးပါ။ ပြီးနောက်မှာတော့ ဖော့နဲ့ ပွတ်တိုက်ပေးပါ။ ဓားနဲ့ ဇွန်းတွေမှာ သံချေးတွေက ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ တက်နေတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါကို အနှစ်ရအောင်ဖျော်ပြီး ပွတ်တိုက်ပေးပါ။
သံချေးတွေက သတ္တုပစ္စည်းတွေပေါ်မှာ အနည်းငယ်ပဲရှိတယ်ဆိုရင် ဆားဖြူးထားပြီး ၂ နာရီခန့်ထားထားပါ။ ၂ နာရီကြာပြီးနောက်မှာတော့ ဘရက်ရှ် သို့မဟုတ် ဖော့နဲ့ ပွတ်တိုက်ဆေးကြောပေးပါ။
အဝတ်အစားတွေမှာ သံချေးတက်နေတဲ့အခါ
လီနင်အသားနဲ့ ချုပ်ထားတဲ့အထည်တွေမှာ သံချေးတက်နေရင် သံပရိုသီးနဲ့ ဆားကို အသုံးပြုလို့ရပါတယ်။ အရင်ဆုံး သံချေးတက်နေတဲ့ အဝတ်အစားပေါ်မှာ ဆားဖြူးလိုက်ပါ။ ဆားဖြူးပြီးနောက် သံပုရာသီးကို အရည်ညှစ်ချပါ။ ၁၀ မိနစ်ခန့်ထားပြီးရင် လက်နဲ့ညင်ညင်သာသာ ပွတ်ပြီးလျှော်ပါ။
ရှာလကာရည်ကလည်း သံချေးတက်နေတဲ့အစွန်းတွေကို ဖယ်ရှားပေးပါတယ်။ သံချေးတက်နေတာကို သိသိချင်း ဖယ်ရှားတဲ့အခါမှာ ပိုပြီး ပြောင်စင်နိုင်ပါတယ်။
သံချေးတက်နေတဲ့အဝတ်အစားပေါ်ကို ရှာလကာရည်ကို နည်းနည်းချင်းစီတို့ပေးပါ။ အဲဒီနောက် နေရောင်ပြထားပြီး အခြောက်ခံပါ။ ခြောက်သွားတဲ့အခါမှာ ပုံမှန်လျှော်နေကျအတိုင်း ပြန်လျှော်ပေးပါ။
ပီတမုန်လာကလည်း သံချေးအစွန်းတွေကို ပြောင်စင်စေပါတယ်။ သံချေးအများကြီးတက်နေတဲ့အခါမှာ ပိုပြီးအသုံးဝင်ပါတယ်။ အိုးတစ်လုံးထဲမှာ ပီတမုန်လာတွေကို ထည့်ပြီးပြုတ်ပါ။ ပွက်လာတဲ့အခါမှာ ပီတမုန်လာတွေကို ထုတ်လိုက်ပါ။
အိုးထဲကို သံချေးတက်နေတဲ့အဝတ်အစားတွေကို ထည့်ပြီး စိမ်ထားပါ။ အဲဒီနောက် လက်နဲ့ ဖြည်းဖြည်းချင်းပွတ်လျှော်ပေးပါ။ သံချေးတွေ ပြောင်သွားပြီဆိုရင် ပုံမှန် လျှော်နေကျအတိုင်း လျှော်လိုက်လို့ရပါပြီ။
ရေချိုးကန်၊ မျက်နှာသစ်ကန်၊ အိမ်သာတို့မှာ သံချေးတက်နေတဲ့အခါ
ကြွေမျက်နှာပြင်တွေပေါ်မှာ သံချေးတက်နေရင် ရေမြှုပ်ကျောက်ကို အသုံးပြုနိုင်ပါတယ်။ ရေမြှုပ်ကျောက်ကို ရေစိုအောင်စွတ်ပြီး သံချေးတက်နေတဲ့ နေရာတွေကို ပွတ်တိုက်ပေးပါ။
နောက်တစ်နည်းကတော့ သံပုရည်နဲ့ ဆားကို ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ပြီး သံချေးတက်နေတဲ့နေရာတွေမှာ ပွတ်တိုက်ထားပေးပါ။ မိနစ် ၂၀ ကြာပြီးနောက်မှာတော့ ပုံမှန်သန့်ရှင်းရေးလုပ်သလို သန့်စင်လိုက်လို့ရပါပြီ။
ပလက်စတစ်မျက်နှာပြင်တွေမှာ သံချေးတက်နေတဲ့အခါ
သံချေးတက်နေတဲ့ ပလက်စတစ်မျက်နှာပြင်တွေပေါ်ကို မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်ကို ရောပြီး ပွတ်တိုက်ပေးပါ။ မိနစ် ၂၀ ခန့် ကြာပြီးရင်တော့ ဖော့လေးနဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ လိုအပ်တဲ့အခါမှာ အကြိမ်ပေါင်းများစွာ ထပ်မံပြုလုပ်လို့ရပါတယ်။
Zombie (lovemedia)
0 Comments