တခါတုန်းက နှစ်ခြမ်းကွဲနေတဲ့ ရွာတရွာ ရှိသတဲ့။ ထားပါတော့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း။ ဘာပဲလုပ်လုပ် ညှိနှိုင်းမရဘဲ တဖက်နဲ့ တဖက် မတူမတန်ဘူး ထင်ပြီး အမြဲတမ်း ရန်စောင် နေကြပါသတဲ့။
ကိုယ့် မာနလေးနဲ့ ကိုယ်ပေါ့လေ။ အဲ၊ မာနသာ ကြီးကြတာ အရှေ့ခြမ်းက လူတွေက အကျိုးတွေချည်း ဖြစ်ပြီး အနောက်ခြမ်းက လူတွေကျ အကုန်လုံး အကန်းတွေချည်းပဲ တဲ့ဗျ။
လူတွေကသာ အကျိုးအကန်း တွေရယ်။ ရပ်ကျိုး ရွာကျိုး ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုတော့ အရှေ့ခြမ်းက လူတွေက "သူတို့က ကျိုးနေတယ် ဆိုပေမယ့် မျက်စိ မြင်သေးတဲ့အတွက် မျက်စိ ကန်းနေတဲ့ သူတွေနဲ့ ပူးပေါင်းရမှာ ဂုဏ်ငယ်တယ်" လို့ ယူဆကြပြီး မပူးပေါင်းလို ကြဘူး တဲ့။
အဲ အကန်းတွေ ကလည်း မခေဘူး။ သူတို့ မာနနဲ့ သူတို့။ "သူတို့က မျက်စိ မမြင်ပေမယ့် ရှေ့ရောက်အောင် လျှောက်ဖို့ ခြေထောက်တော့ ရှိသေးတယ်။ ဒါ့ကြောင့် လမ်းမလျှောက်နိုင်တဲ့ သူတွေနဲ့ မပူးပေါင်းနိုင်ဘူး" တဲ့ဗျာ။ ကန်းသာ ကန်းတယ် မာနကတော့ မလျှော့ဘူး။
အဲ့ဒီလိုနဲ့ ပေါ့လေ၊ အကျိုးနဲ့ အကန်းတွေဟာ တရွာတည်းမှာ နေပြီး တဖက်နဲ့ တဖက် ရန်စောင်ကြရင်းနဲ့ နေထိုင်လာ ကြရာက တနေ့မှာတော့ မထင်မှတ်ပါပဲ ပညာရှိ ရသေ့ကြီးတပါး ရောက်လာခဲ့ပါသတဲ့။
ရသေ့ကြီးလည်း ရွာရောက်ကတည်းက မတည့်တဲ့ နှစ်အုပ်စုကို ညှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြည့် ပေမယ့် အဆင်မပြေနိုင် ဖြစ်နေတယ်ပေါ့။
တနေ့မှာတော့ ရသေ့ကြီးဟာ အကြံကောင်းတခု ရသွားပြီး အကျိုးနဲ့ အကန်း နှစ်ဖွဲ့လုံးကို ကျောင်းသင်္ခမ်းဆီ ခေါ်လိုက်သတဲ့။ ဟိုဘက် ဒီဘက် ပြိုင်ချင်နေတဲ့ နှစ်ဖွဲ့လုံးအတွက် ရသေ့ကြီး စဉ်းစားမိတာကတော့ အပြိုင်ခိုင်းဖို့ပါပဲ။
ပြိုင်ရမယ် ဆိုတော့ နှစ်ဖွဲ့လုံးလည်း စိတ်ဝင်စားနေ ကြတယ် ပေါ့လေ။ နှစ်ဖက်လုံးက လူတွေလည်း စုံရော ရသေ့ကြီးက ပြိုင်ပွဲကို ပြောပြလိုက်တယ်။
ဘာပြိုင်ရမှာလဲ ဆိုတော့ အပြေး ပြိုင်ရမှာတဲ့။ အပြေးပြိုင်ရမယ်လည်း ဆိုရော နှစ်ဖက်လုံးကလူတွေ "ဟာခနဲ ဟင်ခနဲ" ပေါ့။ တဖက်က အကျိုးတွေ၊ တဖက်ကတော့ အကန်းတွေ။ ဘယ်လို ပြိုင်ကြမှာလဲပေါ့လေ။ ဒီရသေ့နှယ် ကြံကြံဖန်ဖန် ခိုင်းရက်တယ်။
ခက်တာက လူတွေကလည်း အကျိုးအကန်းတွေ လို့သာ ပြောရတယ် တဖက်နဲ့ တဖက် ပြိုင်ရမယ်ဆိုတော့ "ချကွာ ချကွာ" ပေါ့။ အင်းလေ မပြိုင်ရဲဘူး ဆိုရင်လည်း သိက္ခာက ကျမှာကိုး။
ဒီလိုနဲ့ ပြိုင်ပွဲနေ့ ရောက်ရော ဆိုပါတော့။ ရသေ့ကြီးက နှစ်ဖက်လုံးကို လမ်းကြောင်းတွေ ပန်းတိုင်တွေ ပြောပြထားပြီးသား။ ရသေ့ကြီး သတ်မှတ်ပေးထားတဲ့ တာထွက်မှတ်မှာ အကျိုးနဲ့ အကန်းတွေဟာ အဆင်သင့် ဖြစ်နေကြပြီ။ တာထွက် အချက်ပေးသံလည်း ကြားရော အကျိုးတွေရော အကန်းတွေပါ ပန်းတိုင်ရှိရာကို သူ့ထက် ငါသာအောင် ပြေးကြပါလေရော။
ပြဿနာက အဲ့ဒီမှာ စတာပဲ။ အကန်းတွေက ခြေထောက်က ကောင်းတယ် ဆိုပြီး စွတ်စက်ပြေးကြပေမယ့် မျက်စိက မမြင်တော့ ဟိုတိုး ဒီတိုးနဲ့ လိုရာပန်းတိုင်ကို မရောက်နိုင် ဖြစ်နေတယ်။
အကျိုးတွေ ကြတော့ ပြဿနာတမျိုး။ သူတို့ခမျာ လမ်းကို မြင်တော့ မြင်ရပါရဲ့။ ခြေထောက်က ကျိုးနေတော့ တရွတ်ဆွဲ နေရတာနဲ့ကို ရှေ့မရောက်နိုင်ဘူး ဖြစ်နေပြန်ရော။
တဖက်နဲ့တဖက် အနိုင်ရလိုဇောနဲ့ ပြိုင်လိုက်ကြတာ အကန်းတွေကလည်း သူတို့ စိတ်ထင်ရာ စွတ်ပြေး၊ အကျိုးတွေကလည်း တရွတ်ဆွဲနဲ့ သတ်မှတ်ချိန်သာ ပြည့်သွားတယ်။ ဘယ်ဘက်ကမှ ပန်းတိုင်ကို မရောက် လိုက်ဘူး တဲ့။
နှစ်ဖက်လုံး မောနေကြတော့ ရသေ့ကြီးက ခဏနားခိုင်းပြီး ဒီတခါ နှစ်ယောက်တတွဲ ပေါင်းပြိုင်ရမယ် ဆိုပြီး အကျိုးတယောက်နဲ့ အကန်းတယောက်စီ တွဲပေးလိုက်ပါရော တဲ့။
ပြိုင်ပွဲပုံစံကတော့ အကန်းတွေက အကျိုးတွေကို ကျောပိုးပြီး ပြေးရပါမယ် တဲ့။ အကျိုးတွေက ကျောပေါ်ကနေ လမ်းညွှန် ပြရပါမယ် တဲ့။ အကျိုးနဲ့ အကန်းတွေဟာ အစပိုင်းမှာ သဘောမတူ ကြပေမယ့် ရသေ့ကြီးရဲ့ စကားကိုလည်း မလွန်ဆန်နိုင်ကြတော့ သဘောတူလိုက်ရတယ် ပေါ့လေ။ ဒါနဲ့ နှစ်ယောက်တတွဲ ပြိုင်ပွဲ စပါလေရော။
ရသေ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း အကန်းတွေက အောက်ကပြေး၊ အကျိုးတွေက အပေါ်က လမ်းညွှန်နဲ့ နှစ်ယောက်တတွဲ ပေါင်းပြေး လိုက်ကြတာ အကျိုးတွေရော အကန်းတွေပါ ရသေ့ကြီး သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီကို သတ်မှတ်ချိန် အတွင်းမှာ ရောက်အောင် ပြေးနိုင်ခဲ့ ကြပါသတဲ့။
အပြေးပြိုင်ပွဲလည်း ပြီးရော အကျိုးတွေရော အကန်းတွေပါ ရသေ့ကြီးရဲ့ အပြေးပြိုင်ခိုင်းတဲ့ စိတ်ကူးကို သဘောပေါက် သွားကြတယ် ပေါ့လေ။ နှစ်ဖက်လုံးဟာ "ငါတို့က ကန်းပေမယ့် မကျိုးဘူးကွ၊ ငါတို့က ကျိုးပေမယ့် မကန်းဘူးကွ" ဆိုတဲ့ မာနတွေကွာကျပြီး
နှစ်ခြမ်း ကွဲနေတဲ့ ရွာဟာ တစုတစည်းတည်း ပေါင်းစည်း သွားကြပါတော့သတဲ့ ဗျာ။ ကဲ ခင်ဗျားတို့ရော ရန်ဖြစ်နေကြတုန်းလား။ ကိုယ့်ကိုယ်ကို အကျိုးမှန်း အကန်းမှန်း သိကြပါတော့ဗျာ။ phoomyatcha
0 Comments