ရှင်ဘုရင်တော့ ရှင်ဘုရင်ပဲ

တခါတုန်းက လက္ခဏာ ပညာကို အလွန့်အလွန် ကျွမ်းကျင်တဲ့ လူကြီး တယောက် လမ်းလျှောက်သွားတော့ လမ်းမှာ ခြေရာတခုကို တွေ့ရတယ်။

ခြေရာကို ကြည့်လိုက်တဲ့ အခါကျတော့ ခြေထောက်ရဲ့ လက္ခဏာဟာ မြေမှာ ထင်တော့ အဲဒီ လက္ခဏာ ဆရာက အကဲ ခတ်တယ်။

"ဒီခြေထောက် လက္ခဏာ ပိုင်ရှင်ဟာ ရှင်ဘုရင် ဖြစ်ရမယ်။ ရှင်ဘုရင် လက္ခဏာကို ဟောဒီ ခြေရာမှာ လာတွေ့တယ်။ မင်း ဖြစ်မယ်"

ဒါပေမဲ့ သူဟာ ရပ်ပြီးတော့ ခြေရာကို ကြည့်ပြီး စဉ်းစားပြန်တယ်။

"ရှင်ဘုရင် ဖြစ်မယ့်သူက လမ်းလျှောက်တာ မြေကြီးမှာ ခြေရာ ထင်တာကို ထောက်ဆခြင်းဖြင့် ဒီလူဟာ ဘယ်လောက်များ ဆင်းရဲသလဲ မသိဘူး။ ဖိနပ်တောင် မစီးနိုင်ရှာဘူး"

ဖိနပ် မပါလို့ ခြေရာ ထင်တာပေါ့။ အဲဒီတော့ လက္ခဏာ ဆရာက ဒါ ဆန်ကျင့်ဘက် နှစ်ခု ဖြစ်နေပြီ။ လက္ခဏာ ကတော့ ရှင်ဘုရင် ဖြစ်ထိုက်တဲ့ လက္ခဏာပဲ။ ဒါပေမဲ့ မြေပြင်မှာ ခြေလျင် သွားတော့ ဖိနပ်တောင် မပါရှာဘူး။

ဒါတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ သူ့နောက်ကို လိုက်မယ် ဆိုပြီးတော့ ခြေရာကို နောက်က လိုက်နင်းပြီးတော့ လျှောက်လိုက်တာ ရှေ့နားက တနေရာ ချုံကွယ်မှာ ရှင်ဘုရင်ကြီးကို တွေ့လိုက် ရတယ်။

ချုံကွယ်မှာ ရှင်ဘုရင် ဖြစ်ထိုက်သူကြီး အလုပ် လုပ်နေတယ်။ ရှင်ဘုရင်ကြီး၊ ချုံကွယ်မှာ မတ်တပ် ရပ်နေပါလား။ အဲဒီတော့ လက္ခဏာ ဆရာကြီးက နောက်နားမှာ ရပ်ပြီးတော့ စောင့်နေတယ်။

ရှင်ဘုရင်ကြီးက ကိစ္စ မပြီးသေးလို့။ ပြီးတော့မှ သူက လက်ကလေး ဘာလေး သုတ်ပြီးတော့ ပြန်လှည့်လာတော့မှ လက္ခဏာဆရာက "ဗျို့ ဆရာကြီး၊ ကျုပ်က ခင်ဗျားကို မေးခွန်းလေး တခုလောက် မေးချင်တယ်။ သည်းခံပြီးတော့ ဖြေပေးပါ"

"ဘာ မေးမလဲ"

"ခင်ဗျား ဘာလုပ်စားသလဲ"

"ကျွန်တော် ဇာတ်ထဲမှာ အလုပ် လုပ်စားပါတယ်" နည်းနည်းတော့ ရိပ်မိလာပြီ။

"ခင်ဗျား ဇာတ်ထဲမှာ ဘယ်အခန်းက ပါသလဲ"

"ကျုပ် ရှင်ဘုရင် အခန်းက ပါတယ်"

အဲဒီတော့မှ လက္ခဏာဆရာက သဘောပေါက်သွားပါတယ်။ တကယ့် ရှင်ဘုရင် ဖြစ်မယ့်သူ၊ ရှင်ဘုရင် လက္ခဏာ အပြည့်အစုံ ပါတဲ့ လူ။

ဒါပေမဲ့ လူကြီးလူကောင်းရဲ့ အမူအရာ မဟုတ်ဘူး။ ရှင်ဘုရင်ကြီး ဘာလုပ်နေတာလဲ။ မတ်တပ်ရပ်ပြီးတော့ ကျင်ငယ် စွန့်နေတာပေါ့။

"သြော် ယုတ်ညံ့ သေးသိမ်တဲ့ အကျင့်ကို ဒီလူ ကျင့်လို့ ရှင်ဘုရင် မဖြစ်တာကိုး" ဆိုပြီးတော့ လက္ခဏာဆရာက ဆုံးဖြတ် သွားပါတော့တယ်။

အဲဒါကြောင့် ထိပ်တန်း တနေရာကို တက်ကြတော့မယ် ဆိုရင် သေးသိမ်တဲ့ အကျင့်လေးတွေ ကိုပါ အကုန်လုံး ရှောင်သင့်ပါတယ်။

Post a Comment

0 Comments