ယုန်မေမေက ယုန်သားလေးကို လက်ဆွဲကာ ယုန်ကျောင်းကို ရောက်လာသည်။ ယုန်ကျောင်းဝတွင် ချိတ်ဆွဲ ထားသည့် ဆိုင်းဘုတ်ကြီးတွင် ရေးသားထားသည်မှာ "ရေကူး အထူးသင်တန်းကျောင်းကြီး" ဖြစ်သည်။
ယုန်မေမေက ယုန်သားလေးကို ပြောသည်။ "သားလေး ကျောင်းတက်ရမယ်နော်" "ဘာကျောင်းလဲမေမေ" "ရေကူးအတတ်တွေကို တဖက်ကမ်းခပ်အောင် သင်ပေးတဲ့ ကျောင်းပေါ့ကွယ်"
"မေမေရယ် သားက အပြေးချန်ပီယံ ပါနော်။ တောထဲမှာ သားကို အမီ လိုက်နိုင်တဲ့သူ ဘယ်သူ ရှိလို့လဲ။ သား ရေကြောက်တယ်။ သား ဒီကျောင်းကို မတက်ချင်ဘူး"
"စကား မများနဲ့။ မိဘက တတ်စေချင်လို့ ကျောင်းကို လာပို့တာ။ အိမ်နီးနားချင်း ဖားတွေ လိပ်တွေ ငါးတွေ ဘယ်လောက် ရေးကူးတော်သလဲ။ သားလည်း သူတို့လို ရေကူးတော်အောင် ကျောင်းတက်ရမယ်"
ယုန်ကလေးသည် အခုန်နှင့် အပြေး တော်သော်လည်း ရေကို ကြောက်သည်။ ရေထဲ မဆင်းရဲ သဖြင့် အိမ်ကို အကြောင်းကြားစာပို့ကာ ကျောင်းက တိုင်သည်။ ယုန်ဖေဖေက သူ့သားကို ဆုံးမသည်။
"သား မင်း ခုန်တာတွေ ပြေးတာတွေ မေ့ထားလိုက်တော့။ အဲဒီပညာတွေက မင်းမှာ မွေးရာပါ တော်ပြီးသား။ ရေကူးဖို့ပဲ ခေါင်းထဲမှာ ထည့်ထား" ယုန်မေမေက စိုးရိမ်သည်။ ထို့ကြောင့် သူ့သားကို ကျူရှင် ထပ်ပို့သည်။
ရေကူးကျူရှင် တွင်လည်း ယုန်ကလေးမှာ အတင်းတိုက်တွန်းပြီး ရေကူးခိုင်းသဖြင့် ကူးရသည်။ ကျူရှင်က နှိပ်စက်၊ ကျောင်းက အတင်း ရေကူးခိုင်းနှင့် ယုန်ကလေးသည် နားရွက်ပင် မထောင်နိုင်လောက်အောင် ဖြစ်သွားသည်။
နောက်ဆုံးတွင် ခုန်ပေါက် ပြေးလွှား ရခြင်းကိုပင် မေ့သွားသည်။ သို့သော် နှစ်ဆုံးသည့် အခါတွင်လည်း ရေကူး စာမေးပွဲကို ကျသည်။ ယုန်မေမေက ကျူရှင်ကို အတင်း ထပ်တက်ခိုင်း သဖြင့် ရေထဲက မတက် လေ့ကျင့်ရာ ဖျားတော့သည်။
လက်ဦးဆရာတွေက အညွန့်လေးတွေကို လက်ဦးစွာ မချိုးမိရန် လိုသည်။ အရေးကြီးသည်မှာ ငါ့ သားသမီးလေးတွေက မည်သည့် အတတ်၊ မည်သည့် ဝါသနာ၊ မည်သည့်ပညာရပ် တွေကို စိတ်ပါဝင်စားသည် ဆိုခြင်းကို အကဲဖြတ်တတ်ရန် ဖြစ်သည်။
ငါးကို သစ်ပင်တက် ခိုင်းပြီး၊ ယုန်ကို ရေမကူးခိုင်း မိရန် အရေးကြီးသည်။ ကလေးတိုင်းတွင် သူ့အစွမ်းအစနှင့် သူ့အားထုတ်နိုင်စွမ်းတွေ ကိုယ်စီရှိကြ ပါသည်။ ငါးလို ရေမကူးနိုင်ရ ကောင်းလား ဆိုပြီး ယုန်ကို ရိုက်နှက်ကာ အတင်းအကျပ် ရေမကူးခိုင်းမိရန် လိုသည်။
ကလေးတိုင်းကို ရွေးချယ်ခွင့် ပေးသင့်ပါသည်။ သူတို့အတွက် ထွက်ပေါက် တံခါးများကို အတင်းပိတ်ကာ သော့တွေကို ဝှက်ထားရန် မသင့်။ သူတို့နှစ်သက်ရာ တံခါးတွေကို ဖွင့်နိုင်အတွက် သူတို့ လက်ထဲကို သင်လျော်သည့် သော့တွေ ကိုယ်စီထည့်ပေးနိုင်သည့် မိဘတွေ၊ ဆရာတွေဖြစ်ရန် လိုသည်။
သော့ကိုင်တွေ အရေးကြီးသည် တံခါးပေါက်နှင့် သော့တံကို ကိုက်ညီအောင် မျှဝေပေးရန် လိုသည်။ ထို့အတူပင် သူတို့နှင့် ကိုက်ညီသော တံခါးကိုလည်း ညွှန်ပြနိုင်ရန် အရေးကြီးသည်။
ယုန်ကလေးလို အတင်းအဓမ္မ ဖြစ်စေသတည်းသည် ချစ်ခြင်း မဟုတ်။ သူ့ဘဝကို မြုပ်သွားစေရန် နစ်စေခြင်းသာ ဖြစ်လိမ့်မည်။ လူကြီးသော့ကိုင်များ တော်တည့် ဖြောင့်မှန်စွာဖြင့် သော့ကို မှန်ကန်စွာ ပေးရန်လိုသလို သော့ကိုလည်း မေ့ချင်ယောင်ဆောင်ပြီး သိမ်းမထားရန် လိုသည်။
အကြောင်းအရာလေး တခုကို ပြောပြချင် ပါသေးသည်။ ဘုရားရှိခိုးကျောင်း တကျောင်းတွင် အဘိုးအို တဦးသည် အော်ဂင်တီးခြင်းကို လုပ်လာခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ အဘိုးအိုတီးသည့် ဂီတသံမှာ ဆန်းသစ်ခြင်း မရှိ။ လွမ်းမောဖွယ်ရာ ကောင်းလှသည်။ အဘိုးအို နေရာတွင် လူငယ် အော်ဂင်တီးတတ်သူ တဦးနှင့် အစားထိုးရန် ဆုံးဖြတ်လိုက် ကြသည်။ လူချင်း လဲရမည့်နေ့ကို ရောက်လာသည်။
အဘိုးအိုက အော်ဂင်ခုံမှ မတ်တတ်ထကာ အဖုံးကို ပိတ်လိုက်သည်။ သော့ကိုလည်း သူ့အိတ်ထဲထည့်ကာ ဘုရားရှိခိုးကျောင်းမှ ထွက်သွားရန် တံခါးဆီသို့ လျှောက်သွားသည်။ ထိုအချိန်တွင် သူ့နေရာကို ဝင်လာသည့် လူငယ်လေးက "အဘိုး၊ သော့" ဟု ရိုသေစွာ ဆိုလိုက်သည်။
အဘိုးအိုက သူ့အိတ်ထဲက သော့ကို ထုတ်ပြီး လူငယ်လေးကို ကမ်းပေးလိုက်ကာ ထွက်သွားရန် ပြင်သည်။ လူငယ်လေးက အော်ဂင်ခုံတွင် ထိုင်လိုက်ပြီး ခလုတ်တွေကို စမ်းလိုက်သည်။ ထို့နောက် သူကတေးသွား တပုဒ်ကို စတင်တီးခတ်လိုက်သည်။
ထိုသို့သော ဂီတသံကို ဘုရားရှိခိုးကျောင်းတွင် မကြားရသည်မှာ ကြာပြီ။ အော်ဂင်သံက ဘုရားရှိခိုးကျောင်းမှ တဆင့် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။ ကြားရသူတိုင်း အံ့အားသင့်ပြီး ကြည်နူးသဘောကျ ကြသည်။
အဘိုးကလည်း ဘုရားရှိခိုးကျောင်းအပြင်တွင် ရပ်နားထောင်နေသည်။ သူက ဂီတသံကို ခံစားရင်းက မျက်ရည်တွေ စီးကျလာသည်။ ထိုနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါတကယ်လို့သာ သူ့ကို သော့မပေးခဲ့ရင်"
မှန်ပါသည် အဘိုးအို အနေဖြင့် မေ့ချင်ယောင်ဆောင်ကာ သော့ကို ယူသွားမည်၊ လူငယ်လေးကလည်း အားနာပြီး မတောင်းခဲ့ဆိုလျှင် Johann Sebastian Bach ဆိုသည့် လူငယ်လေး တဦး၏ ပြောင်မြောက်သော ဂီတဖန်တီးချက် တေးသွားများကို မည်သူမျှ ကြားနိုင် ခံစားနိုင်တော့မည် မထင်။
ဘဝတွင် သော့တချောင်းသည် အလွန် အရေးကြီးသည်။ ပိတ်ထားသည် တို့ကို ဖွင့်ရန် သော့ လိုသည်။ ထိုသော့ကို စွန့်ချိန်တန်စွန့်၊ လွှဲချိန်တန် လွှဲပြောင်းပေးနိုင် စေရန် စိတ်သဘောထား ကြီးရန် လိုသည်။
ငါက သော့ကိုင် ဆိုကာ သေပြီး မြေကြီးထဲ ရောက်သည်အထိ သော့ကို ဝှက်ကာ အိတ်ကတ်ထဲ ထည့်သွားရန်သင့်၊ မသင့် လူကြီးတွေ စဉ်းစားသင့်သည်။ သော့တချောင်းသည် ကြီးကျယ် မြင့်မြတ်မှုနှင့် အောက်တန်းကျမှုတို့ အတွက် အဆုံးအဖြတ် တခုခုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သဘောထားကြီးရမည့် နေရာတွင် သဘောထား သေးစွာဖြင့် သော့ကို ခတ်ထားပြီး သော့ကိုပါ ဖျောက်ပစ်လိုက်မည် ဆိုလျှင် သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးမဲ့ ဖြစ်နိုင်သည်။
အဘယ်ကြောင့် သေသည့် အခေါင်းထဲတိုင် သော့ကို ကိုင်သွားချင်ရ သနည်း။ သေလျှင် ဘာမျှ မယူသွားနိုင်။ သော့ကို ခတ်ထားပြီး သဘောဆိုးဖြင့် သော့ကိုပါ အစဖျောက်လိုက်မည် ဆိုလျှင် ဘာဖြစ်သွားမည်နည်း။
လူငယ်တွေက ပိတ်ထားသော တံခါးတွေကို ဤအတိုင်း ငေးမောကာ ထိုင်ကြည့်နေမည့် သူတွေ မဟုတ်။ သူတို့ အနေဖြင့် တနည်းမဟုတ် တနည်းဖြင့် ပိတ်ထားသော တံခါး၊ ခတ်ထားသော သော့များကို ရိုက်ဖျက် ကြမည်သာ ဖြစ်ပါသည်။
စိတ်ပျက်ပြီး ရိုက်ဖျက်လျှင် ရှေ့က ပိတ်သွားသူတွေ အတွက်လည်း မကောင်း၊ နောက်က ရိုက်ဖျက်သူတွေ အတွက်လည်း အဆိုးဖြစ်နိုင်သည်။ ဖွင့်ပေးရမည့် အတူတူ သဘောထားကြီးစွာဖြင့် သော့ကို ကျေနပ်ကြည်ဖြူစွာ လူငယ်တွေ လက်ထဲကို ထည့် ပေးလိုက်မည် ဆိုလျှင် သူလည်း ရွှင်လန်း၊ ကိုယ်လည်း စိတ်ချမ်းသာ ဂုဏ်လည်း တက်စေပါလိမ့်မည်။ ကိုယ်စိုက်သည်ကို ကိုယ်ရိတ်သိမ်းရပါလိမ့်မည်။ (Ref: Who Has the Key?) တင်ညွန့်
0 Comments