ဖားတကောင်ကို ရေခွက်တခုထဲ ထည့်လိုက်ပြီး ရေခွက်ကို မီးစပြီး အပူပေး လိုက်တယ်။ ရေအပူချိန် ခပ်နွေးနွေးလေး ဖြစ်လာတော့ ဖားက သူ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ရေအပူချိန်နဲ့ ကိုက်ညီအောင် ညှိယူလိုက်တယ်။
ရေက ပိုပြီး ပူလာလေလေ ဖားက သူရဲ့ ခန္ဓာကိုယ် အပူချိန်ကို ပိုပြီး လိုက်လျောညီထွေ ဖြစ်အောင် ထပ်ပြီး ညှိယူလေလေနဲ့ နေလိုက်တယ်။
ရေက ပိုပြီး ပူလာပြီး ဆူပွက်လာတဲ့ အချိန်မှာတော့ ဖားက သူ့ခန္ဓာကိုယ် အပူချိန်ကို လိုက်လျောညီထွေ ဖြစ်အောင်ထပ်ပြီး ညှိယူလို့ မရတော့ပါဘူး။
အဲဒီအချိန်မှာ ဖားဟာ ရေခွက်ထဲ ကနေ ခုန်ထွက်ဖို့ ဆုံးဖြတ် လိုက်တယ်။ ဒါပေမဲ့ သူခုန်ထွက်လို့ မရတော့ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဖားမှာ ရှိတဲ့ စွမ်းအင် တွေဟာ ရေရဲ့ အပူချိန် အတိုင်း လိုက်ပြီး ညှိယူရင်းနဲ့ ကုန်ခန်းသွားလို့ဘဲ ဖြစ်တယ်။
သိပ်မကြာခင်မှာဘဲ ဖားဟာ သေဆုံးသွား ခဲ့တယ်။ ဖားကို ဘယ်အရာက သေစေခဲ့ တာလဲ။ အများစု ကတော့ ဆူပွက်နေတဲ့ ရေကြောင့် ဖားဟာ သေခဲ့ရတာ လို့ ပြောကြတယ်။
တကယ်တော့ ဖားကို သေစေခဲ့တာက သူဟာ ဘယ်အချိန်မှာ ခုန်ထွက်ရမယ် ဆိုတာကို ဆုံးဖြတ်နိုင်စွမ်း မရှိလို့ ပါဘဲ။
ကျွန်တော်တို့လည်း ကိုယ့်ပတ်ဝန်းကျင်၊ အခြေအနေတွေ၊ ကိုယ်ဆက်ဆံ နေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး ညှိယူကြ ရတာတွေ၊ ညှိယူနေ ခဲ့တာတွေ ရှိခဲ့တယ်။
ဘယ်လောက်အထိ ညှိယူရမလဲ၊ ဘယ်အချိန်မှာ ခုန်ထွက်ရမလဲ ဆိုတာ ကိုတော့ ဆုံးဖြတ်နိုင်စွမ်း ရှိဖို့လိုပါတယ်။
ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာ အရ၊ စိတ်ပိုင်းဆိုင်ရာ အရ၊ ငွေကြေးဆိုင်ရာအရ ဖြစ်စေ၊ ဆွေမျိုး အပူတွေ၊ သားသမီး အပူတွေ ကနေဖြစ်စေ ရေအပူချိန် တက်အောင် လုပ်နေကြတဲ့ သူတွေ ရှိကြတယ်။
အရေးအကြီးဆုံး ကတော့ ဘယ်အချိန်မှာ ခုန်ထွက်ရမယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ပါဘဲ။ ခုန်ထွက်နိုင် တုန်းမှာ ခုန်ထွက်ကြဖို့ လိုပါတယ်။ Crd
0 Comments