မဖြစ်နိုင်တဲ့ အလုပ်တခု

လွန်ခဲ့တဲ့ သုံးရာစုနှစ် လောက်က တရုတ်နိုင်ငံက စစ်တိုက်တာ အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ ဘုရင် မကြိုက်တာ တခုကို လုပ်မိလိုက်တယ်။ ဘုရင်က အမျက်တော် ရှပြီး သူ့ကို ခုလို အမိန့်ချလိုက် ပါတယ်။

"၃ ရက်အတွင်း မြားအစင်း တသိန်း လုပ်ပေးရမယ်။ မလုပ်ပေးနိင်ရင် ခေါင်းဖြတ် သတ်ခံရမယ်" တဲ့။ အဲဒီ အချိန်မှာ အင်အားကြီးမားတဲ့ ရန်သူဟာ သူတို့မြို့ကို သိမ်းဖို့ ရေကြောင်းကနေ ချီတက်လာရင်း

မြို့နားရောက်ခါနီး မြစ်ကမ်းစပ် တနေရာမှာ စခန်းချ နေပါတယ်။ ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့ မြားတွေ အများကြီး လိုအပ်နေ ပါတယ်။

စစ်သူကြီးချူက ၃ ရက် အတွင်း မြားအစင်း တသိန်း လုပ်ပေးပါမယ်လို့ ဘုရင်ကို ပြန်လျှောက် လိုက်တယ်။ တကယ်တော့ မြားအစင်း တသိန်း လုပ်ပေးဖို့ သူ့မှာ ဝါး၊ အလုပ်သမား အလုံအလောက် မရှိသလို ၃ ရက် ဆိုတဲ့ အချိန်တိုလေးမှာ ပြီးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သေးတယ်။

ဒါပေမဲ့ သူ့အသက် အသေမခံနိုင်လို့ အဲဒါကို ရွေးချယ်လိုက် ပါတယ်။ စစ်သူကြီးဟာ တညလုံး မအိပ်ဘဲ ဘာလုပ်ရမလဲ လို့ အကြံထုတ်တယ်။ မိုးလင်းခါနီးမှာ အကြံတခု ရလိုက်တယ်။

စစ်သူကြီးချူဟာ သူ့စစ်သားတွေကို ရွက်သင်္ဘောတွေ၊ လှေတွေရဲ့ ဘေးတွေမှာ ကောက်ရိုးထုံးတွေကို ချည်ခိုင်း လိုက်တယ်။ ကုန်းပတ်အပေါ်တွေ မှာလည်း ကောက်ရိုးထုံးတွေနဲ့ ဖုံးအုပ်ခိုင်း လိုက်တယ်။ ရွက်တွေကိုလည်း ကောက်ရိုးမျှင်တွေနဲ့ ကာခိုင်းလိုက်တယ်။

နောက်တနေ့ ညနေ နေဝင်ခါနီး နှင်းတွေ ထူထူထဲထဲ ကျနေချိန်ုမှာ စစ်သူကြီးက ရွက်သင်္ဘောတွေ၊ လှေတွေကို မြစ်ကြောင်းအတိုင်း ရန်သူ့စခန်းနားကို ချီတက်ခိုင်းလိုက် ပါတယ်။

ရန်သူဟာ နှင်းထုတွေ ကြားက မသဲမကွဲ မြင်ရတဲ့ မည်းမည်း အကြီးကြီး တွေဟာ စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ လှေတွေလို့ ရိပ်မိပေမယ့် ရေပြင်ကို ထွက်မတိုက်ရဲဘူး။

ဘာကြောင့်လဲ ဆိုတော့ စစ်သူကြီးချူဟာ စစ်ရေးပရိယာယ် အင်မတန် ကြွယ်ဝတယ် ဆိုတာကို သူတို့ သိထားကြလို့ပါ။

ဒီတော့ ရန်သူဟာ စစ်သူကြီးရဲ့ သင်္ဘောတွေ သူတို့စခန်းနား ကပ်မလာနိုင်အောင် မြားတွေနဲ့ ပစ်ကြတယ်။ သင်္ဘောတွေကလည်း စခန်းနား ကပ်နိုင်သလောက် ကပ်ကြတယ်။

ရန်သူလည်း ကြောက်လန့်ပြီး ရှိသမျှ မြားတွေ ပစ်လွှတ်ကြတယ်။ မိုးချုပ်တော့ စစ်သူကြီးချူက သင်္ဘောလှေတွေကို မြို့ကို လှည့်ပြန်ခိုင်း လိုက်တယ်။

မနက်ရောက်တော့ စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့ ရန်သူ့မြားတွေကို နူတ်ယူပြီး စစ်သူကြီးချူဆီမှာ အပ်နှံကြတယ်။

စစ်သူကြီးက ဘုရင့်ထံ မြားအစင်း တသိန်းကို ၃ ရက်အတွင်း ပေးအပ်လိုက်နိုင်လို့ ဘုရင်က သူ့ကို အသက်ဘေးက ကင်းလွှတ်ခွင့် ပေးလိုက်ပါတယ်။

အလုပ်တခုဟာ ကြီးမား ခက်ခဲလွန်းလို့ စစချင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ ဦးနှောက်ကို အပြည့်အဝ အသုံးချပြီး ဖြစ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားရင် လုပ်လို့ရမယ့် နည်းလမ်းကို ရှာတွေ့ပါလိမ့်မယ်။

အထိရောက်ဆုံး နည်းကတော့ အဲဒီအခက်အခဲကို အဖြေရှင်းရမယ့် နည်းလည်းလမ်းတခုကို မရရင် အသက်သေတော့မယ်လို့ သဘောထား စဉ်းစားပါ။ သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်။ Crd

Post a Comment

0 Comments