အိုးနဲ့တူသော လူသုံးမျိုး

လောကကြီးမှာ အိုးနဲ့ တူတဲ့ လူသုံးမျိုး ရှိကြတယ်။

(၁) "မပြည့်တဲ့ အိုး" ဘောင်ဘင်ခတ် ဆိုသလို နည်းနည်း သိပြီး စကား ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီး ပြောချင်တဲ့ သူမျိုးပါ။

အခြေအနေမှန် ကိုလည်း ကောင်းစွာ မသုံးသပ်၊ အရိပ်အကဲ ကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာ ကိုပဲ ဇွတ်အတင်း ပြောတတ် ပါသေးတယ်။

ပတ်ဝန်းကျင်နဲ့ ဖီလာ ကန့်လန့် အမြဲ ဖြစ်နေတတ်ပြီး အရူး၊ အပေါ၊ စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုံ့ချ အပြစ်တင်ခြင်း ခံရတတ် ပါတယ်။

(၂) "ပြည့်နေပြီလို့ ထင်နေတဲ့အိုး" လို အရာရာ ငါသိ ငါတတ်။ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင် ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင်လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား တတ်ပြီးသား အချိုးမျိုးနဲ့ အခြား တပါးသူကို နှိမ့်ချ ဆက်ဆံတတ် ပါသေးတယ်။

စကားပြော မောက်မာခက်ထန် တတ်ပြီး အမြဲလိုလို ဆရာကြီးဂိုက် ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက် တော့တဲ့ ဘဝအခြေအနေမျိုး အထိ ကြုံရတတ် ပါတယ်။

(၃) "ဘာဆို ဘာမှ မရှိသေးတဲ့ အိုး" လို အရာရာကို နားလည် ခွင့်လွှတ်နိုင်စွမ်း အပြည့် ရှိနေပြီး ငါသိစရာ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလား ဆိုတာ သိနေတဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ် သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ် ပါဘူး။

ဒီအိုးလို သူမျိုးကသာ ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ်လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရ ပါလိမ့်မယ်။

ကဲ ဘယ်လို အိုးမျိုး ဖြစ်နေလဲ။ ကိုယ့်ကိုယ်ကို မလိမ်ညာဘဲ ရဲရဲ ဖြေကြည့်ပါ။ သိပြီဆိုရင် ပြင်သင့်တာပြင်၊ ပြုသင့်တာပြု၊အပြောအဆို ချိုသာယဉ်ကျေးပြီး မှန်ကန်ကောင်းမြတ် အကျိုးရှိတဲ့ စကားမျိုးသာ အလေးထား ဂရုစိုက်ပြောဆို ဆက်ဆံတတ်ပါစေ။ Crd

Post a Comment

0 Comments