ရိုးသားခြင်းကို တန်ဖိုးထားပါ

တခါတုန်းက ရွာလေး တရွာမှာ ရိုးသားပြီး ကြိုးစားတဲ့ သစ်ခုတ်သမားလေး တယောက် ရှိတယ်။ သစ်ခုတ်သမားလေးဟာအလုပ်ကို ကြိုးကြိုးစားစား လုပ်သော်လည်း အလွန် ဆင်းရဲတယ်။

ဘယ်လောက်တောင် ဆင်းရဲသလဲ ဆိုရင် သူမှာရှိတဲ့ တန်ဖိုးရှိပစ္စည်း ဆိုလို့ သူသစ်ခုတ်တဲ့ ပုဆိန်လေးနဲ့ သူရဲ့ အိမ်လေးပဲ ရှိတယ်။ သူဟာရွာလေးအနီးက တောထဲမှာပဲ သစ်ခုတ်ရင်း အသက်မွေးတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားလေးဟာ သစ်ခုတ်ဖို့ သစ်ပင်ရှာရင်း မြစ်ဘေးနားလေးကို ရောက်သွားတယ်။ သစ်ခုတ်သမားလေးက သူလိုချင်တဲ့ သစ်ပင်ကို မြစ်ဘေးမှာ တွေ့သွားတယ်။ အဲဒါနဲ့ သူလည်း အားရဝမ်းသာ သစ်ပင်ကို ခုတ်တာပေါ့။

ဒါပေမဲ့ ကံအားလျော်စွာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပုဆိန်လေးက လက်ထဲက လွတ်ပြီး ရေထဲ ကျသွားတယ်။ သစ်ခုတ်သမားလေးက ရေလည်း မကူးတတ်တော့ ဒုက္ခ အကြီးအကျယ် ရောက်ပြီပေါ့။ သူ့အဖို့ ပုဆိန် နောက်တလက် ဝယ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

အဲဒီလိုနဲ့ သစ်ခုတ်သမားလေးက ဝမ်းနည်းလွန်းလို့ မြစ်ဘေးမှာ ထိုင်ငိုနေ မိတယ်။ သစ်ခုတ်သမားလေးရဲ့ ငိုသံကို မြစ်စောင့်နတ်က ကြားသွားတယ်။ ဒီတော့ မြစ်စောင့်နတ်က "အသင်လူသား အသင် ဘာအကြောင်းကြောင့် ငိုကြွေးနေတာလဲ" ဆိုပြီး မေးတာပေါ့။

သစ်ခုတ်သမားလေးလည်း သူ့အဖြစ်အပျက်ကို ပြောပြ လိုက်တယ်။ မြစ်စောင့်နတ်က သစ်ခုတ်သမားကို သနားသွားတယ်။ အဲ့တာနဲ့ ရေထဲကို ငုတ် သွားတယ်။

ရေထဲက ပြန်ပေါ်လာတော့ မြစ်စောင့်နတ်ရဲ့ လက်ထဲမှာ ရွှေပုဆိန် ပါလာတယ်။ မြစ်စောင့်နတ်က သစ်ခုတ်အမားလေးကို မေးတယ်။ "အသင် လူသား ဒါ အသင့်ရဲ့ ပုဆိန်လား"

ရိုးသားတဲ့ သစ်ခုတ်သမားလေးက "အဲဒါ ကျွန်တော့ပုဆိန် မဟုတ်ပါဘူး" လို့ ငြင်းလိုက်တယ်။ ဒါနဲ့ မြစ်စောင့်နတ်လည်း ရေထဲကို ပြန်ငုတ်လျှို သွားပြန်တယ်။ ပြန်ပေါ်လာတော့ ငွေပုဆိန် ပါလာတယ်။ သစ်ခုတ်သမားကို မေးပြန်တယ်။

သစ်ခုတ်သမားကလည်း ငြင်းပြန်တယ်။ မြစ်စောင့်နတ်လည်း ရေထဲ ပြန်ငုတ်လျှို သွားပြန်တယ်။ ကြေးပုဆိန်ကို ယူပြီး "ဒါ သင့် ပုဆိန်လား" လို့ မေးပြန်တယ်။ သစ်ခုတ်သမား ကလည်း ငြင်းပြန်တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြစ်စောင့်နတ်ဟာ သစ်ခုတ်သမားရဲ့ ပုဆိန်လေးကို ရေထဲက ဆယ်ပြီး ပေးလိုက်တယ်။ ပြီးတော့ မြစ်စောင့်နတ်ဟာ ရိုးသားလှတဲ့ သစ်ခုတ်အမားကို ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်ပါ လက်ဆောင် ပေးလိုင်တယ်။ ဒီလိုနဲ့သစ်ခုတ်သမားလေးဟာ နေ့ချင်းညချင်း ချမ်းသာသွားပြိး ဘဝကို ပျော်ရွှင်စွာ ဖြစ်သန်းသွားသတဲ့။

သူ့အကြောင်းတွေကို ကြားသိသွားတဲ့ သစ်ခုတ်သမားရဲ့ သူငယ်ချင်း ကလည်း သူ့ကို ဘယ်လိုကြောင့် ချမ်းသာလာတာလဲ ဆိုပြီးလာမေးတယ်။ သစ်ခုတ်သမားဟာ ရိုးသားသူမို့ အကြောင်းစုံကို သူ့သူငယ်ချင်းကို ပြောပြလိုက်တယ်။ ဒီအချိန်မှာ အကြံသမား သူငယ်ချင်းက ပုဆိန်တလက် ဝယ်ပြီး မြစ်ဘေးကို သွားသတဲ့။

နောက်တော့ သစ်ပင်ခုတ်ဟန် ဆောင်ပြီး ပုဆိန်ကို ရေထဲ ပစ်ချလိုက်တယ်။ ပြီးတော့ ငိုချင်ယောင် ဆောင်နေ လိုက်တယ်။ သူ့အကြံကို မသိတဲ့ မြစ်စောင့်နတ်က "အသင်လူသား အဘယ်ကြောင့် ငိုနေတာလဲ" ဆိုပြီး မေးတယ်။ အကြံသမားက သစ်ခုတ်သမား ပြောသလို ပြောလိုက်တယ်။

မြစ်စောင့်နတ်ကလည်း ရွှေပုဆိန် ယူပြီး မေးလိုက်တယ်။ "အသင် ဒါ အသင့် ပုဆိန်လား" ဆိုပြီး မေးတယ်။ ထိုအခါ လောဘမွှန်နေတဲ့ အကြံသမားဟာ "ဟုတ်ပါတယ်" ဆိုပြီး ပြောလိုက်တယ်။

ထို့အခါ မြစ်စောင့်နတ်က "အသင်လူသားဟာ မုသားသုံးပြီး ပြောနေတာပဲ" ဆိုပြီး ရွှေပုဆိန်ကို မပေးပဲ ပျောက်ကွယ်သွားတယ်။ ထိုအခါ သစ်ခုတ်သမားရဲ့ သူငယ်ချင်းဟာ ရွှေပုဆိန်၊ ငွေပုဆိန်၊ ကြေးပုဆိန်တို့ မရတဲ့ အပြင် သူ့ပုဆိန်ကိုပါ ဆုံးရှုံးသွား ပါတော့တယ်။

Post a Comment

0 Comments