မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနဲ့

တခါက အကျဉ်းသား နှစ်ယောက်ဟာ ပြစ်မှုကြီး တွေကြောင့် တသက်တကျွန်း ထောင်ကျနေ ကြတယ်။ ဒီတသက် ထောင်က လွတ်ဖို့ လမ်းမရှိကြဘူး။ သူတို့ဟာ အကျဉ်းခန်းလေး တခုထဲမှာ အတူတူ နေကြရတယ်။

မနက်တိုင်း ထောင်စောင့်ဟာ အကျဉ်းခန်းတွေကို လိုက်စစ်ရင်းနဲ့ သူတို့ နှစ်ယောက်နေတဲ့ အကျဉ်းခန်းမှာ ထူးဆန်းတာ တခုကို သတိထား မိတယ်။

အကျဉ်းသားတွေကို မနက်အိပ်ယာ ထဖို့ ထောင်စောင့်တွေက အော်လိုက်တယ်။ အကျဉ်းသား မောင်မောင်ဟာ အိပ်ယာပေါ်က လေးလေးကန်ကန် မထချင်ထချင်နဲ့ ထလိုက်တယ်။

သူ့မျက်နှာမှာ ဆွေးမြေ့ကြေကွဲနေပုံ ပေါ်နေတယ်။ အကျဉ်းသား ကျော်ကျော် ကတော့ အိပ်ယာပေါ်က သွက်သွက်လက်လက် ထလိုက်တယ်။ သူဟာ ပြုံးပြီး ရွှင်လန်း တက်ကြွနေတယ်။

မနက်တိုင်းလိုလို သူတို့နှစ်ယောက်ရဲ့ ပြုမူပုံဟာ ဒီအတိုင်းပဲမို့ ထောင်စောင့်သာမက ထောင်ဝန်ထမ်း တွေပါ အံ့သြနေ ကြတယ်။ သူတို့ဟာ မောင်မောင် မပျော်မရွှင် ဖြစ်နေတာကို မအံ့သြကြ ပေမယ့် ကျော်ကျော် ရွှင်လန်းတက်ကြွတာ ကိုတော့ နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။

တနေ့မှာ ဘုန်းကြီးတပါး ထောင်ကို ရောက်လာတယ်။ အကျဉ်းသားတွေကို လာရောက် တွေ့ဆုံပြီး အားပေးစကား ပြောပေးဖို့ပါ။ သူဟာ ထောင်ဝန်ထမ်းတွေ ဆီက မောင်မောင်နဲ့ ကျော်ကျော်တို့ အကြောင်းကို ကြားလို့ သူတို့ကို စိတ်ဝင်စားပြီး သွားတွေ့လိုက်တယ်။

ဘုန်းကြီးက မောင်မောင်ကို တွေ့တွေ့ချင်းမှာပဲ သူ ဘာကြောင့် စိတ်မရွှင်မလန်း ဖြစ်နေရတာလဲ လို့ မေးလိုက်တယ်။ မောင်မောင်က ချက်ချင်းပဲ ခုလို ပြန်ပြောလိုက်တယ်။

"အရှင်ဘုရားရော တပည့်တော်လို ထောင်ထဲမှာ လွတ်လမ်း လုံးဝမရှိတဲ့ အခြေအနေမှာ နေရရင် ဘယ်လို ခံစားရမလဲ ဘုရား"

ဘုန်းကြီးက မောင်မောင် မေးလိုက်တာ မှန်တာပဲ ဆိုပြီး သူ့ကို နှစ်သိမ့်စကား ပြောကြားပေး လိုက်တယ်။ ဘုန်းကြီးဟာ ကျော်ကျော်ကို လူမရှိတဲ့ အခန်းထဲကို ခေါ်သွားပြီး မေးလိုက် ပြန်တယ်။ သူ ထောင်က ဒီတသက် လွတ်လမ်း မရှိပေမယ့် ဘာကြောင့် ရွှင်လန်း တက်ကြွနေရတာလဲ လို့ပါ။

ကျော်ကျော်က ချက်ချင်းပဲ ခုလို ပြန်ပြောတယ်။

"အခု တပည့်တော် ပြောပြတာကို အရှင်ဘုရား တခြားလူတွေကို မပြောပြဘူးလို့ ကတိပေးရင် တပည့်တော် ပြောပြပါမယ်"

"ဒကာကြီး၊ ဘုန်းကြီး ကတိပေးပါတယ်။ ဘယ်သူ့ကိုမှ မပြောပါဘူး"

ကျော်ကျော်ဟာ ဘုန်းကြီးအနား နီးနိုင်သမျှ တိုးကပ်လိုက်ပြီး ခုလို ထပ်ပြောလိုက် ပါတယ်။ "ဒီလိုပါ ဘုရား။ တပည့်တော် ဒီထောင်ကို စရောက်တဲ့ နေ့က စပြီး ထွက်ပြေးဖို့ ကြံစည်နေပါတယ်။

ဒါပေမဲ့ လိုချင်တဲ့ အခြေအနေ မရောက်သေးလို့ အချိန်ထပ်စောင့်နေရ ပါအုံးမယ်။ ဒီမှာ ရှိကြတဲ့ ထောင်သားတွေ ကတော့ သူတို့ ကံကြမ္မာလို့ ယုံကြည်ထားကြလို့ ကံပြုသမျှ အနု ခံနေကြပါတယ်။

တပည့်တော်ကတော့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးဖို့ ဆုံးဖြတ်ထား ပါတယ်။ ဒီလောက် အစောင့်အကြပ် တင်းကြပ်လွန်းတဲ့ ထောင်က ထွက်ပြေးဖို့ ကြိုးစားတယ် ဆိုတာ ရူးတယ်လို့ ပြောကြမှာပါ။

ဒါပေမဲ့ တပည့်တော် အသက်ရှုလို့ ရနေသမျှ တနေ့ဒီထောင်က လွတ်မြောက်ရမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီမျှော်လင့်ချက်ဟာ မကြာခင် ပြည့်တော့မယ် ဆိုပြီး တပည့်တော် ပျော်နေတာပါ ဘုရား"

ဘုန်းကြီးဟာ ကျော်ကျော်ရဲ့ ထောင်ဖောက်မယ့် အကြံကို သဘော တူတယ်၊ မတူဘူး မဝေဖန်ပါဘူး။ ဒါပေမဲ့ သူ ကျော်ကျော်ကို လေးစား သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျော်ကျော်ဟာ မျှော်လင့်ချက် လုံးဝ မရှိတဲ့ အလွန်ဆိုးဝါးတဲ့ အခြေအနေမှာ ရှာကြံပြီး မျှော်လင့်ချက် ထားတတ်လို့ပါ။

လူဆိုတာ မျှော်လင့်ချက် မရှိရင် သေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် အခြေအနေ ဘာပဲ ဖြစ်နေနေ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ် လိုက်ပါနဲ့။ Bamaw Thein Pe

Post a Comment

0 Comments