တခါတုန်းက လယ်ဧက များစွာ ပိုင်ဆိုင်တဲ့ လယ်သမားကြီးတဦး ရှိတယ်။ သူဟာ တိရစ္ဆာန်တွေရဲ့ ဘာသာစကား ကိုလည်း နားလည်တယ်။ သူ့မှာ မြည်းတကောင်နဲ့ နွားတကောင် ရှိတယ်။
တနေ့တော့ လယ်သမားကြီးဟာ လမ်းလျှောက်ရင်း နွားနဲ့ မြည်း စကားပြော နေတာကို ကြားမိလိုက်တယ်။
ဒါကြောင့် သစ်ပင်အကွယ်ကနေ သူတို့ ဘာတွေပြောနေလဲ ဆိုတာ နားထောင်ကြည့်လိုက်တော့ နွားက မြည်းကို ပြောပါတယ်။
"မင်းကတော့ ကံကောင်း ပါတယ်ကွာ။ ငါ့လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုဘူး။ ငါ့မှာတော့ တနေကုန် တနေခန်း ထယ်ထိုးရတယ်။ နေ ဘယ်လောက်ပူပူ ငါ့ခြေလက်တွေ ဘယ်လိုပဲ ညောင်းညာ ကိုက်ခဲနေပေမယ့် နားရတယ် မရှိဘူး။
ငါ့ဘဝကတော့ တကယ့်ကို စိတ်ပျက်စရာ အပြည့်ပါပဲ။ ဒါပေမယ့် မင်းကတော့ တကယ့်ကို သက်သက်သာသာနဲ့ ဘဝမျိုးကို ရထားတယ်။ သခင်က တနေရာရာ သွားချင်တယ် ဆိုရင် မင်းကိုယ်ပေါ်ကို အရောင်စုံ အဝတ်လေး လွှမ်းပြီး ဟိုဟိုဒီဒီ ပို့ပေးရတယ်။ ဒါ့အပြင် ဘာမှ လုပ်စရာ မရှိဘူး။ အားနေရင် မြက်စိမ်းလေး စားပြီး အေးအေးသက်သာ နေရုံပဲ"
ဒီစကားတွေကို ကြားတော့ မြည်းက သူ့မိတ်ဆွေ ဖြစ်တဲ့ နွားကို သနားသွားပါတယ်။ အဲဒါနဲ့ အကြံ ပေးပါတယ်။
"အေး သူငယ်ချင်းရာ မနက်ဖြန် ကြရင် ငါပြောတဲ့အတိုင်း လုပ်။ မင်း သက်သက်သာသာ နေရလိမ့်မယ်။ မနက်ဖြန် မနက် မင်းကို လယ်ထွန်ဖို့ လာခေါ်ပြီ ဆိုရင် မြေကြီးပေါ် လှဲပြီး ညည်းတွားနေလိုက်။ ဒါဆို မင်း နေမကောင်း ဖြစ်နေတယ် ဆိုပြီး မင်းကို အနားပေး လိမ့်မယ်"
ဒီစကားတွေကို ကြားတော့ သခင်လုပ်သူက စဉ်းစားပါတယ်။ "အင်း ဒီမြည်းကိုတော့ သင်ခန်းစာ ကောင်းကောင်းပေးဖို့ လိုနေပြီပဲ" အဲဒီလိုနဲ့ နောက်တနေ့ နံနက်မှာ အစေခံ တယောက်က နွားကို လာထုတ်သွားပြီး လယ်ထွန်ဖို့ ခေါ်ပါတယ်။ လယ်ထဲ အရောက်မှာ နွားက လှဲချလိုက်ပြီး နေမကောင်းချင်ယောင် ဆောင်ပါတယ်။
ဒီတော့ အစေခံက သခင်ဆီ သွားပြီး အကြောင်းစုံ ပြောပြပါတယ်။ ဒါတွေကို သိပြီးသား ဖြစ်တဲ့ သခင်ဖြစ်သူက "အေး ဒါဆို နွားကို အနားပေးပြီး မြည်းနဲ့ လယ်ထွန်လိုက်" လို့ ခိုင်းပါတယ်။ အစေခံလည်း သခင်ခိုင်းတဲ့ အတိုင်း နွားနေရာမှာ မြည်းကို အစားထိုးလို့ တနေ့လုံး လယ်ထွန်ပါတယ်။ သူ့မိတ်ဆွေကို ကူညီချင်တဲ့ မြည်းဟာ နွားလုပ်ရမယ့် အလုပ်တွေကို လုပ်ရ ပါတော့တယ်။
ညနေချမ်း ရောက်တော့ မြည်းဟာ ပြန်လာပါတယ်။ သူ့စိတ်တွေက နောက်ကျိနေပြီး သူ့ခြေထောက်တွေဟာ ခွေယိုင်နေပါပြီ။ ပခုံးကလည်း ထမ်းပိုးကို ထမ်းရတာကြောင့် နာကျင်ကိုက်ခဲ နေပါပြီ။ နွားကို အကြံပေးမိတဲ့ အတွက် သူဟာ ကိုယ့်ကိုယ်ကို ဒေါသတွေ ထွက် နောင်တတွေလည်း ရနေပါပြီ။
အဲဒီအချိန်မှာ သခင်လုပ်သူက ခြံထဲကို လာပြီး တိတ်တိတ်လေး နားထောင်ပြန်ပါတယ်။ မြည်းကို မြင်တော့ နွားက အားရ ဝမ်းသာနဲ့ ပြောပါသတဲ့။
"မင်းကတော့ တကယ့် မိတ်ဆွေကောင်း ပါကွာ။ မင်းအကြံပေးလို့ ဒီနေ့ ငါနားနား နေနေ နေရတယ်။ ကျေးဇူးတင် လိုက်တာကွာ။ မနက်ဖြန်လည်း ငါဒီလို ထပ်လုပ်အုံးမယ်"
ထိုအခါ မြည်းက ပြောပါတယ်။ "ငါက အခြားသူတွေလို စိတ်သဘောထား ကောင်းကောင်း မွန်မွန်နဲ့ မိတ်ဆွေ သူငယ်ချင်းကို အကူအညီ ပေးချင်တဲ့သူပါ။ ဒါပေမယ့်လည်း နောက်ဆုံးတော့ မင်းလုပ်ရမယ့် အလုပ်တွေက ငါ့အပေါ် ပုံကျလာတယ်။
မနက်ဖြန်တော့ မင်း လုပ်နေကျ အတိုင်း လယ်ဆက်ထွန်ဖို့ လိုလိမ့်မယ်။ သခင်က အစေခံကို ပြောနေတာ ငါကြားရတယ်။ မင်းထပ်ပြီး နေမကောင်း ဖြစ်နေအုံးမယ် ဆိုရင်တော့ သားသတ်ရုံကို ပို့ရလိမ့်မယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငပျင်းတကောင် ဖြစ်နေလို့ပဲ"
အဲဒီ နောက်တော့ သူတို့ မိတ်ဆွေ နှစ်ဦးဟာ တဦးကို တဦး စကားမပြော ကြတော့ပါဘူး။ တသက်လုံးလည်း မိတ်ဆွေ ပြန်မဖြစ်တော့ပါဘူး။
သင်ခန်းစာ။ ။ တကယ်လို့ မိတ်ဆွေဟာ တယောက်ယောက်ကို ကူညီချင်တယ် ဆိုရင်တောင် သူ့ဆီက ဝန်ထုပ်ဝန်ပိုးကို ကိုယ့်အပေါ် ကျမလာပါစေပဲ ကူညီနိုင်အောင်သာ ကြိုးစားသင့် ပါတယ်။ Crd
0 Comments