သူ့ကိုမုန်းရင် ကိုယ်ရှုံးတယ်

ရာဇဂြိုဟ်ပြည်မှာပါ။ ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားလေးတယောက် ရှိတယ်။ သူ့နာမည်က ဇမ္ဗုက တဲ့။ ငယ်ငယ်က ထမင်းကျွေးရင် ငိုတယ် မစားဘူး။ ကိုယ့်မစင်ပဲ လျှာလေးနဲ့လျက် လျက်ပြီး စားတယ်။

ကလေးအရွယ်မို့ မသိတတ်သေးတာပဲ လို့ ထင်ခဲ့တာပေါ့။ အကျင့်က မပျောက်ဘူး။ ကြီးလာတော့ မိဘတွေက ရှက်လို့ အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေထံ ပို့လိုက်တယ်။ အချိန်တန် ဆွမ်းစား ခေါ်တော့ သူက မလိုက်ဘူး။ ဗိုက် မဆာသလိုလို ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ။

သူက ဘာစားလဲ ဆိုတော့ မစင်တွင်းကို ဖွင့်ပြီး အားရပါးရ စားသတဲ့။ နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့ မိပါတယ်။ သူ့ကို ကျောင်းက ထုတ်လိုက်တယ်။ အဲဒါနဲ့ သူဟာ အိမ်သာ များတဲ့ နေရာ ဈေးတန်းကို ရွေးလိုက်ပါတယ်။ သူ့အတွက် အတော် ဟန်ကျဆိုပဲ။

သူနေတဲ့ ပုံစံက ဒီလိုပါ လက်တဖက်က ကျောက်ဖျာကိုထောက် ခြေတဖက်က မြှောက်ပြီး ဒူးထောက် နေပါတယ်။ ပြီးတော့ ပါးစပ်ကို ဖွင့်ထားပြီး သူများတွေ မေးရင် လေကိုသာ စားတယ်လို့ ဖြေပါတယ်။ ခြေတဖက် မြှောက်ထားရတာက ကမ္ဘာကြီးလေးမှာ စိုးလို့တဲ့။

ဒီလိုနဲ့ မစင်တွေ စားခဲ့တာ (၅၅) နှစ် ကြာသွားခဲ့ ပါတယ်။ တနေ့တော့ ဘုရားရှင် ကြွတော်မူပြီး တရား ဟောရပါတယ်။ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတယ်။ (၅၅) နှစ် ဘာလို့ မစင်တွေ စားခဲ့ရတာလဲ ဆိုတော့ တခုသော ဘဝမှာ သူက ရဟန်းတပါး ဖြစ်ခဲ့တယ်။

ကျောင်းကိုလာတဲ့ ရဟန်းတပါးကို ရွာထဲက ဒကာက ကြည်ညိုလို့ ကုတင်၊ ဆွမ်း၊ ဆတ္တာသည်၊ သင်္ကန်း ထိုလေးမျိုးကို ဒကာက လှူမယ်ဆိုလို့ ကျောင်းနေရဟန်းက အာဂန္တု ရဟန်းကို ထိုလာဘ်လာဘတွေကို မရစေချင်တာနဲ့ သူက ညနေချမ်း အခါ အာဂန္တု ရဟန်းထံ သွားပြီး

"သင်သည် ငါ့ဒကာ လှူမယ့် ဆွမ်းကို စားမဲ့အစား မစင် စားတာကမှ မြတ်သေးတယ်" လို့ ပြောခဲ့မိတယ်။ "သင်သည် ခေါင်းကို ဓားနဲ့ ရိတ်မယ့်အစား ဆံပင်ကို နှုတ်တာကမှ မြတ်သေးတယ်" လို့ ပြောခဲ့မိတယ်။

"သင်သည် သင်္ကန်း ဝတ်မဲ့အစား အဝတ် မစည်းပဲ နေတာကမှ မြတ်သေးတယ်" လို့ ပြောခဲ့မိတယ်။ "သင်သည် ကုတင်နဲ့ အိပ်ရတာထက် မြေကြီးမှာ အိပ်ရတာက မြတ်သေးတယ်" လို့ ပြောခဲ့မိတယ်။

တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန် ကျန်ခဲ့မှာ ယူသွားလို့လည်း မရပါဘူး။ ဒီလိုလေးများ စဉ်းစားမိလိုက်ရင်ပေါ့။

အခုတော့ သူပြောခဲ့မိတာက ရဟန္တာဆိုတာ သူ မသိခဲ့ဘူး။ (၅၅) နှစ် တိုင်အောင် အဝတ် မဝတ်ရဘူး။ ဆံပင် အနှုတ်ခံရတယ်။ မြေကြီးမှာပဲ အိပ်ရတယ်။ မစင်ကိုပဲ (၅၅) နှစ် ကြာအောင် စားခဲ့ရတယ်။

သူ့ကို ခဏလေး မုန်းတဲ့ စိတ်နဲ့ ပြောဖြစ်ခဲ့ ပေမဲ့ ကိုယ့်မှာတော့ ဘဝတိုင်း ရှုံးခဲ့ရတယ်။ ငရဲမှာ ဘယ်လောက်ကြာ ခံရသလဲ ဆိုရင် ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား (ဘုရားနှစ်ဆူကြား) အဝီစိငရဲမှာ ခံခဲ့ရပါတယ်။ အဲလောက်အထိ ကြာတယ်နော်။ ကြောက်စရာ ကောင်းလိုက်တာ ရှင်။

သြော် သူ့ကို မုန်းရင် ကိုယ်ရှုံးသည်။ ဝန်တိုမိတာ ခဏလေး ရယ်ပါ။ ဝန်တိုခြင်း မစ္ဆရိယ ဆိုတာ တယ်ကြောက်စရာ ကောင်းပါလား။ ရှောင်နိုင်ကြပါစေ။ အသိ သတိ ရှိကြပါစေ။

ဘဝဆိုတာ ခဏလေးပါ။ ပုံပြင် မဟုတ်ပါဘူး၊ ယုံတမ်း စကားတွေလည်း မဟုတ်ပါဘူး ဆိုတာ သိစေချင် ပါသည်။

Post a Comment

0 Comments