ပြင်းပြသော စိတ်ဆန္ဒ

တခါက လူငယ်တဦးသည် ဂရိတွေးခေါ်ရှင် "ဆိုကရေးတီး" ထံသို့ ချဉ်းကပ်ကာ ဉာဏ်ပညာနှင့် အသိပညာကို မည်သို့ ရရှိနိုင်သနည်းဟု မေးမြန်းလေသည်။

ဆိုကရေးတီးက "ငါ့နောက်လိုက်ခဲ့" ဟု ဆိုကာ လူငယ်အား ခေါ်ဆောင်ကာ ပင်လယ်ထဲသို့ ဆင်းလေ၏။

ဆိုကရေးတီး နောက်သို့ လိုက်သည့် လူငယ်သည် ရေထဲသို့ ဖြတ်လာရာ တဖြည်းဖြည်း ရေထဲသို့ နစ်၍ လာလေသည်။ ပထမ ခြေကျင်းဝတ်၊ ယင်းနောက် ဒူး၊ ယင်းနောက် ခါး၊ နောက်ဆုံး ပခုံးအထိ နစ်၍လာသည်။ ထို့နောက် ဆိုကရေးတီးသည် လူငယ်ကို ဆွဲကာ ရေအောက်သို့ နှစ်လေ၏။

ထိုအခါ လူငယ်က အသည်းအသန် ရုန်းကန်၍ နေလေသည်။ လူငယ် ခြေကုန်လက်ပန်း မကျမီ ဆိုကရေးတီးက အပေါ်သို့ ဆွဲတင်လိုက်၏။ လူငယ်က "ခင်ဗျား ဘယ် လိုလုပ်တာလဲ။ ကျွန်တော့်ကို သေအောင် သတ်တာလား"

ဟု ဒေါသတကြီး ဆိုလေသည်။ ဆိုကရေးတီးက "မဟုတ်ရပါဘူးကွာ။ ငါသာ မင်းကို သေစေချင်ရင် ဆွဲတောင် မတင်ဘူး" ဟု တည်ငြိမ်စွာ တုံ့ပြန်လေသည်။

"ဒါဆို ခင်ဗျား ဘာလို့ ဒီလိုလုပ်တာလဲ" ဟု လူငယ်က ပြန်မေး၏။ ဆိုကရေးတီးက "မင်းအနေနဲ့ ဒီလို အသက်ရှူခွင့်လေး ရဖို့ ဆန္ဒရှိသလိုမျိုး ဉာဏ်ပညာနဲ့ အသိပညာကို အလိုရှိခဲ့မယ် ဆိုရင် မင်းရလာမှာပဲ" ဟု ဆိုကာ ကျောခိုင်း ထွက်ခွာသွား ခဲ့လေသည်။

"ဆန္ဒဟူသည် ရယူအောင်မြင်နိုင်မှု အားလုံး၏ စ မှတ် ဖြစ်သည်။ မျှော်လင့်ချက် မဟုတ်၊ ဆုတောင်း မဟုတ်၊ အရာရာကို ကျော်လွှားရန် ထက်သန်၍ ရွစိတက်နေသော ဆန္ဒဖြစ်သည်" ဟု နပိုလီယန်ဟီးက ဆိုသည်။ တစုံတရာကို အသည်းအသန် အလိုရှိနေပါက ဖြစ်လာမည်သာ ဖြစ်သည်။

"ခင်ဗျား လိုချင်တာကို တကယ် မရဘူးဆိုရင် ခင်ဗျားအနေနဲ့ တကယ်လိုချင်တာ မဟုတ်လို့သော် လည်းကောင်း၊ ဈေးဆစ်မိလို့သော် လည်းကောင်း ဖြစ်ရမယ်" ဟု အဆိုရှိသည်။ ပြင်းပြသော ဆန္ဒသာ ရှိမနေခဲ့ပါက အကောင်းဆုံး ဗျူဟာများ သည်ပင်လျှင် အလုပ် မဖြစ်နိုင်ပါ။

လူအများစုသည် အောင်မြင်မှု သို့မဟုတ် အခြား တစုံတရာ ရရှိရန် ဗျူဟာများကို ရှာဖွေတတ် ကြသည်။ ၎င်းတို့သည် မြင်းရှေ့၌ လှည်းကို တပ်ဆင်ထားကြ သူများနှင့် တူ၏။

မိမိအနေဖြင့် တစုံတရာကို ရယူလိုသည့် ပြင်းပြသောဆန္ဒ ရှိမှသာလျှင် မှန်ကန်သည့် ဗျူဟာက အလုပ်ဖြစ်ပေ လိမ့်မည်။

လူအများစုသည် အခွင့်အခါကောင်း တရပ်ကို စောင့်ဆိုင်းနေ တတ်ကြသည်။ ၎င်းတို့သည် မိမိတို့အား လာရောက် ကိုင်လှုပ်မည့် ပြင်ပမှ တစုံတရာကို စောင့်မျှော်နေခြင်း ဖြစ်သည်။

သို့မဟုတ်လျှင်လည်း ၎င်းတို့သည် ဖြတ်လမ်းနည်းကို အလိုရှိတတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အမြင်နှင့် တန်ဖိုးများ အစား မဟာဗျူဟာ အပေါ်သာ အာရုံပြုနေခြင်း ဖြစ်သည်။

စိတ်ကူးကို အကောင်အထည် ဖော်လိုသည့်ဆန္ဒ သို့မဟုတ် စေ့ဆော်မှု ရရှိလာစေရန်အတွက် လှုပ်နှိုးမည့် တစုံတရာကို စောင့် ဆိုင်းနေခြင်းသည် ကာလကြာရှည် သွားနိုင်ရုံမက တဘဝလုံးပင် ဖြစ်နိုင်၏။ စောင့်ဆိုင်းနေခြင်းထက် မိမိကိုယ်တိုင် တစုံတရာကို နိုးကြားစွာ စတင် လုပ်ကိုင်လိုက်ခြင်းဖြင့် အခွင့်အလမ်းကို တွေ့ရှိလာမည် ဖြစ်သည်။

လူတဦးသည် လူအများစု ကဲ့သို့ပင် ဖြစ်နေပါက ထိုသူသည် မိမိလုပ်ကိုင်သမျှ အများစုနှင့် ပတ်သက်၍ တဝက်တပျက် တွေးကြည့်ခြင်းနှင့် တဝက်တပျက် အားထုတ်ခြင်းတို့ ပြုသူဖြစ်ဖို့သာ ပို၍များလေသည်။ ကျော်ကြားလှသည့် ဒီဇိုင်နာနှင့် စာရေးဆရာ ပေါအာဒင်က အခုလို ဆိုခဲ့ဖူးသည်။

"နောက်လာမယ့် အခွင့်အရေးကို ကြည့်မနေပါနဲ့။ ခင်ဗျားလက်ထဲမှာ ရှိနေတာ အခွင့်အလမ်း ပါပဲ။ လူတော်တော် များများဟာ သူတို့ တကယ်မလုပ်ခင် တစုံတရာကို ပြီးပြည့်စုံဖို့ အချိန်တွေ အများကြီး ဖြုန်းပစ်လိုက် ကြတယ်။ ပြည့်စုံလာအောင် စောင့်နေမယ့်အစား ရတာနဲ့ပဲ လုပ်ပြီး တလျှောက်လုံး ဒါကို ထိန်းထားပါ" တဲ့။

ထို့ကြောင့် မိမိ၏ ရှေ့မှောက်၌ ရှိနေသည့် အရာမှ လွဲ၍ နောက်လာမည့် အခွင့်အလမ်း ဟူသည် ရှိမနေကြောင်းနှင့် ရယူအောင် မြင်နိုင်မှု အားလုံး၏ စမှတ်သည် ပြင်းပြသည့် စိတ်ဆန္ဒသာ ဖြစ်ပါကြောင်း။ The Daily Eleven

Post a Comment

0 Comments