လောဘကြီးတဲ့ ဝက်ဝံလေး

တခါတုန်းက တောအုပ်တခုမှာ ပိုလာဝက်ဝံလေး တကောင် နေထိုင်သတဲ့ ကွယ်။ အဲ့ဒီ ပိုလာဝက်ဝံဟာ လောဘလည်း ကြီးသတဲ့။ ဘယ်အရာပဲ ဖြစ်ဖြစ် သူဟာ အကြီးဆုံး ကိုပဲ အမြဲ လိုချင်တဲ့ သူပေါ့။

တနေ့တော့ မွန်းလွဲပိုင်းအချိန် သူနိုးလာတဲ့ အခါ သူ့အစာအိမ်ထဲက ကျယ်လောင်တဲ့ ညည်းသံတခုကို ကြားလိုက်တယ်။

ထိုအခါ ပိုလာဝက်ဝံက "အိုး၊ ငါ အရမ်းဆာနေပြီ" လို့ ပြောဆိုပြီး အစာရှာဖို့ မြစ်ဆိပ်ကို ထွက်လာခဲ့ ပါတယ်။

ရာသီဥတု သာယာတာကြောင့် ပိုလာဝက်ဝံက "အိုး ဒီနေ့ဟာ တကယ့်ကို လှပ သာယာတာပဲ။ ဒီနေ့ ငါးတွေ အများကြီး ရှိလိမ့်မယ်" လို့ တွေးလိုက်ပါတယ်။

ဒါကြောင့် သူဟာ မြစ်ကမ်းပါးကို အလျင်အမြန် သွားလိုက်ပါတယ်။ မြစ်ထဲကို ကြည့်လိုက်တော့ ဝက်ဝံဟာ ပျော်နေပါတယ်။

"ငါးတွေ အများကြီး ရှိတယ်။ ဒီနေ့ ငါး အကောင်ကြီးကြီးတွေ အများကြီး စားရမယ်" ဆိုပြီး ဝက်ဝံလေးဟာ မြစ်ထဲကို ဆင်းပါတယ်။

ပိုလာဝက်ဝံလေးဟာ မြစ်ထဲက ငါးတကောင်ကို ဖမ်းလိုက်ပါတယ်။ သူဖမ်းမိတဲ့ ငါးကို ကြည့်လိုက်ပြီးတော့

"ဟာ ဒီငါးက သေးလွန်းတယ်၊ ငါ့ အစာအိမ်ကို မဖြည့်နိုင်ဘူး။ ဒီငါးထက် ကြီးတဲ့ ငါးကို ငါစောင့်ရမယ်" လို့ ပြောဆိုရင်း ဖမ်းမိတဲ့ ငါးကို ရေထဲကို ပစ်ချလိုက် ပါတယ်။

အဲ့ဒီလိုပဲ ငါးတွေကို ဖမ်းလိုက် သူဖမ်းမိတဲ့ ငါးက သေးလွန်းတယ် ဆိုပြီး ရေထဲသို့ ပစ်ချလိုက်၊ ထပ်ခါ ထပ်ခါ ငါးတွေကို ဖမ်းလိုက် ရေထဲကို ပစ်ချလိုက်နဲ့ နောက်ဆုံးမှာ နေဝင်ချိန် ရောက်လာခဲ့ ပါတယ်။

ထို့နောက်မှာတော့ သူဟာ ငါးတကောင်မှ မရဘဲ ဗိုက်ဆာဆာနဲ့ သူလာရာ လမ်းခရီးအတိုင်း ပြန်သွားခဲ့ရ ပါတော့တယ်။

Post a Comment

0 Comments