တခါတုန်းက ဒသနိကဗေဒ ပါမောက္ခတယောက်က အတန်း မစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ်။
အတန်းလည်း စရော ဘာမပြော ညာမပြောနဲ့ ခရား အလွတ်တခုကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ "ဒီခရားက ပြည့်နေပြီလား" လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ်။ ကျောင်းသားတွေ ကလည်း "ပြည့်နေပါပြီ" လို့ ဖြေကြပါတယ်။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲ လေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ်။
ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ်။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေး တွေကို ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို "ဒီ ခရားက ပြည့်နေပြီလား" လို့ ဆက်မေးပြန် ပါတယ်။ ကျောင်းသားတွေ ကလည်း "ပြည့်နေပါပြီ" လို့ ထပ်ဖြေကြ ပြန်ပါတယ်။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန် ပါတယ်။ သဲတွေကလည်း ခရားထဲမှာ ရှိတဲ့ နေရာလွတ် မှန်သမျှ နေရာဝင်ယူ လိုက်ပါတယ်။
နောက်ထပ်တကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက "ခရားက ပြည့်ပြီလား" မေးပြန်ပါတယ်။ ကျောင်းသားများ ကလည်း "ဟုတ်ကဲ့ပါ" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ ထိုအခါ ဆရာကြီးက အခုလို ပြောတယ်။
"ကဲ ဒီခရားကို မင်းတို့ရဲ့ ဘဝလို့ ဆိုကြပါစို့။ ကျောက်ခဲတွေက မင်းတို့ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ။ ဆိုလိုတာက ကိုယ့်ရဲ့မိသားစု၊ ကျန်းမာရေး တွေပေါ့။ ကျန်တဲ့အရာတွေ ဆုံးရှုံးရင်တောင်မှ အရေးကြီးတာ တွေက ကိုယ့်ဘဝထဲမှာ ကျန်နေသေးပါတယ်။
ကျောက်စရစ်ခဲတွေ ကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စတွေ ပေါ့။ သဲတွေ ကတော့ ဘဝရဲ့ အသေးအဖွဲ့ကိစ္စ လေးတွေပေါ့။
တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင် ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး။
မင်းတို့ရဲ့ လုပ်နိုင်သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေ အတွက်ပဲ အသုံးပြု လိုက်မယ် ဆိုရင် အခြားအရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ကြပါ။ မိသားစုကို အချိန်ပေးပါ၊ အလုပ် ကိစ္စတွေကို ဂရုစိုက်ပါ။ ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ" လို့ ပါမောက္ခကြီးက ဆုံးမ ပါတယ်။
ကျွန်တော်တို့ ဘဝတွေ တိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထား တာပါ။ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး။
ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါ တာတွေနဲ့ မကုန်ဆုံးစေဘဲ အရေးကြီးတာတွေကို အရင်လုပ်ပြီး တန်ဖိုးရှိအောင် လုပ်ကြပါစို့။ Aung Ko Latt (ရာမညမြေ)
0 Comments