ဗေဒင်ဆရာရဲ့ ဟောကိန်း

တခါတုန်းက ဘုရင်ကြီးတပါးမှာ သူအလွန် ယုံကြည် ကိုးကွယ်တဲ့ ဗေဒင်ဆရာတယောက် ရှိတယ်။ တရက်မှာ ဗေဒင်ဆရာက ဘုရင်ကြီး အင်မတန် ချစ်မြတ်နိုးတဲ့ မိဖုရားငယ်လေးဟာ ၈ ရက် အတွင်း သေဆုံးမယ်လို့ ဗေဒင်ဟော လိုက်တယ်။

တကယ်လည်း မိဖုရားငယ်လေးဟာ ၈ ရက်မြောက် နေ့မှာ အသတ်ခံရပြီး သေဆုံးသွားတယ်။ ဘုရင်ကြီးဟာ စိတ်အရမ်း ထိခိုက် သွားတယ်။

ဗေဒင်ဆရာဟာ သူဟောပြောတာ မှန်တယ် ဆိုတာကို နန်းတွင်းက လူတွေ အားလုံးကို သိစေချင်လို့ မိဖုရားလေးကို သတ်လိုက်တာလား၊ ဒါမှမဟုတ် တစုံတယောက်ကပဲ သတ်သွားတာလား ဆိုတာ ဘုရင်ကြီး သေသေချာချာ မသိဘူး။

သက်သေ မရှိလို့ စွပ်စွဲ လို့လည်း မရဘူး။ ဒါပေမဲ့ ဗေဒင်ဆရာ ဟောလိုက်လို့ သူမြတ်နိုးလှတဲ့ မိဖုရားလေး သေရတာ ဆိုပြီး ဘုရင်ကြီးဟာ ဗေဒင်ဆရာကို သတ်ပစ်ချင် နေတယ်။

နောက်တနေ့မှာ ဘုရင်ကြီးက သူ့အစောင့် စစ်သားတွေကို အခုလို မှာထားတယ်။ ဗေဒင်ဆရာ သူ့အခန်းထဲ ဝင်လာတဲ့အခါ သူလက်နဲ့ အချက်ပြ လိုက်မယ်။

အစောင့်အားလုံးက ဗေဒင်ဆရာကို ဝိုင်းဖမ်းချုပ် ကြပြီး နန်းတော် ပြတင်းပေါက်က ပစ်ချလိုက်ဖို့ပါ။ ဗေဒင်ဆရာကို ပေတရာ အမြင့်ကနေ မြေပြင်ပေါ် ပြုတ်ကျ သေစေဖို့ပါ။

ဗေဒင်ဆရာ ရောက်လာတယ်။ ဘုရင်ကြီးက အစောင့်တွေကို လက်မပြခင် သူ့မှာ သိချင်တာ တခုရှိလို့ ဗေဒင်ဆရာကို အခုလို မေးလိုက်ပါတယ်။

"ဆရာဟာ ဗေဒင်ပညာကို အရမ်း ကျွမ်းကျင်တယ်။ သူများတွေရဲ့ ကံကြမ္မာ ကိုလည်း အတိအကျ ဟောနိုင်တယ်။ ဒါဆိုရင် ဆရာ့ ကံကြမ္မာ ကိုလည်း ဆရာ အတိအကျ သိမှာပေါ့နော်။ ဆရာက ဘယ်တော့ သေမှာလဲ"

ထိုအခါ ဗေဒင်ဆရာက အခုလို ပြန်ဖြေ လိုက်တယ်။ "အရှင်မင်းကြီး နတ်ရွာမစံခင် ၃ ရက် အလိုမှာ ကျွန်တော်မျိုး သေဆုံးပါလိမ့်မယ်"

ဘုရင်ကြီးဟာ ဗေဒင်ဆရာကို ပြတင်းပေါက်က ပစ်ချဖို့ အစောင့်တွေကို လက်နဲ့ အချက်မပြရုံ မကဘဲ ဗေဒင်ဆရာကို ငွေကြေးနဲ့ လက်ဆောင်တွေ အများကြီး ပေးပြီး ပြန်လွှတ်လိုက်တယ်။

ဒါတင် မကသေးပါဘူး။ ဗေဒင်ဆရာ နည်းနည်း နေမကောင်း ဖြစ်တာနဲ့ နန်းတွင်းက အတော်ဆုံး ဆေးဆရာကြီးတွေ စေလွှတ်ပြီး အကောင်းဆုံး ဆေးဝါးတွေနဲ့ ကုပေးတယ်။

နောက်ပြီး ဗေဒင်ဆရာ သွားလေရာမှာ သူ့အသက် လုံခြုံရေး အတွက် ဘုရင့်စစ်တပ် တတပ်က အချိန်ပြည့် တာဝန်ယူ စောင့်ရှောက်ပေး ထားတယ်။

ဘုရင်ကြီးကလည်း ညအိပ်ယာ ဝင်ခါနီးတိုင်း ဗေဒင်ဆရာ အသက်ရှည် ကျန်းမာစေဖို့ ဘုရားရှိခိုး ဆုတောင်းပေး နေပါတယ်။

အမှန်က ဗေဒင်ဆရာက သူ့သေနေ့ကို ဗေဒင်ပညာနဲ့ ဟောလိုက်တာ မဟုတ်ပါဘူး။ သူဟာ ဘုရင်ကြီးရဲ့ အမူအရာ ပျက်နေတာကို အကဲခတ်မိ တာကြောင့် ဥပါယ်တံမျဉ်နဲ့ ပြောလိုက်တာပါ။ Crd

Post a Comment

0 Comments