မြင်းလေးမျိုးနှင့် တူသော လူလေးမျိုး

(၁) မြင်းလိမ္မာသည် မြင်းလှည်းမောင်းသူက တုတ်ကို ထောင်ပြလျှင် အရိပ်အကဲ နားလည်၍ အလိုက်သိစွာ ပြေးသွားသကဲ့သို့ ဒုက္ခရောက်သူ၊ သေဆုံးသူ အကြောင်းကို တဆင့်စကား ကြားရလျှင်ပင် တချို့ ပုဂ္ဂိုလ်များသည် အသိဉာဏ်၊ သံဝေဂ ပေါ်ပေါက်လာ၍ တရားအလုပ်ကို အချိန်မဆွဲဘဲ ချက်ချင်း အားထုတ်တတ် လေသည်။

(၂) အချို့မြင်းသည် တုတ်ထောင်ပြရုံ မျှဖြင့် မြင်းလှည်းကို မဆွဲသေးဘဲ အမွေးကျွတ်အောင် ရိုက်သော အခါမှသာ နာသဖြင့် ပြေးတတ်၊ ရုန်းတတ်သကဲ့သို့ အချို့လူတို့သည် တဆင့်ကြားမျှဖြင့် တရားအသိ မပေါ်သေးဘဲ ဒုက္ခရောက်သူ၊ သေဆုံးသူကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခါမှသာ

"ဟယ် ဆင်းရဲဒုက္ခကြီး ငါ့မျက်စိအောက် ရောက်နေပါပြီကော။ တော်နေကြာတော့ ငါ့ထံလည်း ရောက်လာလိမ့်မယ်။ မရောက်သေးမီ အမြန် အားထုတ်မှ ဖြစ်မယ်" ဟု အသိဉာဏ် လေးနက်စွာ ပေါ်ပေါက်ကာ ကောင်းမှုအလုပ်ကို အချိန်မီ ကြိုးစားလုပ်ဆောင် တတ်ပေသည်။

(၃) အချို့မြင်းကား အမွေးကျွတ်အောင် ရိုက်ရုံမျှဖြင့် မပြေးဘဲ ပေကတ်နေကာ အရေစုတ်အောင် အရိုက် ခံရမှသာ အလွန်နာသဖြင့် ရုန်းတတ်၊ ပြေးတတ်သကဲ့သို့ တချို့လူသည်လည်း မိမိမျက်စိဖြင့် သေသူ၊ ဒုက္ခရောက်သူကို မြင်တွေ့ရ စေကာမူ တရားအသိ၊ သံဝေဂ မျက်စိဖြင့် မြင်အောင် မကြည့်နိုင်ဘဲ ပြီးပြီး ပျောက်ပျောက် ဖြစ်သွားကာ

မိမိ၏ သွေးသားအရင်း ဆွေမျိုးပုဂ္ဂိုလ်များ ဒုက္ခရောက်လာ၊ သေဆုံးကာမှသာ "ဟယ် ဆင်းရဲဒုက္ခကြီး ငါ့လက်တလှမ်း ရောက်နေ ပါပြီကော။ မကြာမီ ငါ့ဆီလည်း ရောက်ရတော့မည်" ဟု ဉာဏ်အမြင် ပေါ်လာ၍ အချိန်မနှောင်းမီ လျင်မြန်စွာ ကြိုးစားတတ် လေသည်။

(၄) အချို့မြင်းမှာ အရေစုတ်အောင် အရိုက်ခံရသော်လည်း မရုန်းမပြေးဘဲ အလွန် ပေကတ်နေတတ်သည်။ အရိုးကွဲအောင် အရိုက်ခံရသော အခါမှသာ အလွန် နာလွန်းသဖြင့်

"တော်နေကြာတော့ သေအောင် ရိုက်ချေရဲ့။ ရုန်းတာပဲ ကောင်းတယ်" ဟု မြင်းလှည်းကို ဆွဲတတ် ရှာသည်။ သို့သော်လည်း အလွန် ပင်ပန်း၍ ခရီးလည်း မတွင်ကျယ် တော့ချေ။

ထို့အတူ အချို့လူသည်လည်း ဆွေမျိုးရင်းများ ဒုက္ခရောက်၍ မိမိရှေ့မှောက်၌ သေဆုံးစေကာမူ တရားအသိ သံဝေဂဉာဏ် မပေါ်လာဘဲ မေ့မေ့ပျောက်ပျောက် နေလာရာက မိမိ၏ ခန္ဓာကိုယ်ပေါ်၌ သေလုမတတ် ဆိုးဝါး ပြင်းထန်သော အနာရောဂါကြီး ရောက်ရှိ လာသော အခါမှသာ

"ဆင်းရဲဒုက္ခကြီး ငါ့အပေါ် ရောက်လာပါပြီကော။ တော်နေကြာတော့ ရောဂါက သေအောင် နှိပ်စက် ဖျက်ဆီးချေရဲ့။ အားကိုးစရာ အမြန်ရှာမှ ဖြစ်မယ်" ဟု အသိတရား ပေါ်ကာ ကောင်းမှုကို ပြုတတ်ပေသည်။

သို့ရာတွင် ကျန်းမာ သန်စွမ်းတုန်းက ကဲ့သို့ တွင်လည်းမတွင်၊ အလွန်လည်း ပင်ပန်းသည့်ပြင် ကြည်ကြည်လင်လင် အားတက်သရောလည်း မရှိတော့ချေ။

သို့ဖြစ်၍ စာရှုသူအပေါင်းလည်း ဝက်ပျင်းပမာ မကျင့်ကြံဘဲ ကျန်းမာသန်စွမ်းတုန်း ခန္ဓာကို လိုသလို ခိုင်း၍ ဖြစ်နေတုန်း သတိဉာဏ် ရှေ့ထား၍ အမြန် ကြိုးစားနိုင်ကြပါစေ။ တော်ဝင်နွယ် (ယောဆရာတော်၏ ဓမ္မပုံပြင်များ)

Post a Comment

0 Comments