နာကျင်မှုတွေကို မေ့ပစ်လိုက်ပါ

တခါတုန်းက သူငယ်ချင်း နှစ်ယောက်ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး အတူ ခရီးသွားခဲ့ ကြပါတယ်။ အတော်အတန် ခရီးပေါက်လာတဲ့ အခါ အချင်းချင်း စကားများ အငြင်းအခုန် ဖြစ်ကြတယ်။

တယောက်သော သူငယ်ချင်းက အခြားတယောက်ရဲ့ မျက်နှာကို လက်နဲ့ ရိုက်လိုက်ပါတယ်။ အရိုက်ခံ လိုက်ရတဲ့ သူဟာ အလွန်ကို နာကျင်သွား ခဲ့ပေမယ့် ဘာတခွန်းမှ ပြန်မပြော ခဲ့ဘူး။

ဒါပေမယ့် သူဟာ သဲပေါ်မှာ စာတကြောင်း ရေးလိုက်ပါတယ်။ "ဒီနေ့ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့် မျက်နှာကို ရိုက်နှက်ခဲ့တယ်"

ဒီလိုနဲ့ သူတို့တွေ ဆက်လျှောက်လာ ခဲ့ကြရင်း အိုအေစစ် တခုကို ရောက်သွားခဲ့တယ်။ တလမ်းလုံး မောပန်း နွမ်းနယ်တာ ဖြစ်လေတော့ ရေချိုးကြဖို့ ဆုံးဖြတ်လိုက် ကြတယ်။

မျက်နှာကို အရိုက်ခံထား ရတဲ့ သူဟာ ရေကူးနေရင်းနဲ့ ကြွက်တက်ပြီး ရေနစ် ပါတော့တယ်။ ကျန်တဲ့ တယောက်က သူ့ကိုအချိန်မီ ကယ်တင်လိုက် နိုင်ခဲ့တယ်။

ထို့နောက်မှာတော့ ရေနစ်တဲ့သူဟာ ကျောက်တုံးတခု ပေါ်မှာ စာတကြောင်း ထွင်းပြီး ရေးလိုက် ပါတယ်။ "ဒီနေ့ ကျွန်တော့်ရဲ့အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့် အသက်ကို ကယ်တင်ခဲ့တယ်"

မျက်နှာကို လက်နဲ့ ရိုက်ခဲ့ပြီး ရေနစ်တာကို ကယ်တင်ခဲ့တဲ့ သူငယ်ချင်းက နားမလည်နိုင်စွာ မေးမြန်းခဲ့ ပါတယ်။ "ငါ မင်းမျက်နှာကို လက်နဲ့ ရိုက်တုန်းက မင်းက သဲပေါ်မှာ စာရေးခဲ့တယ်။ အခု မင်းရေနစ်နေတာကို ကယ်တင်ခဲ့တော့ ကျောက်တုံးပေါ်မှာ စာရေးတယ်။ ဘာဖြစ်လို့လဲကွ"

အဲဒီအခါ စာတွေ ရေးခဲ့တဲ့ သူငယ်ချင်းက ဘာပြန်ပြောလဲ ဆိုတော့ "ငါတို့တွေကို တယောက်ယောက်က ထိခိုက် နာကျင်အောင် လုပ်ခဲ့မယ် ဆိုရင် ငါတို့ အနေနဲ့ အဲဒီ နာကျင်မှုကို သဲပေါ်မှာပဲ ရေးထိုး မှတ်တမ်းတင် သင့်တယ်။ ဒါမှလည်း ခွင့်လွှတ် သည်းခံမှုဆိုတဲ့ လေနဲ့အတူ အဲဒီ နာကျင်မှုတွေ လွင့်စင်၊ ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

ဒါပေမယ့် တယောက်ယောက်က ငါတို့အတွက် ကောင်းတာ လုပ်ပေးခဲ့တယ်၊ ကျေးဇူးပြုခဲ့တယ် ဆိုရင်တော့ အဲဒါကို ကျောက်တုံးထက်မှာ ကမ္ဗည်းထိုးပြီး မှတ်တမ်း တင်သင့်တယ်။ ဒါမှလည်း ဘယ်လို လေမျိုးကြောင့်မှ မပျက်စီး၊ မပျောက်ကွယ် သွားမှာဖြစ်တယ်" တဲ့။

နာကျင်မှု တွေကို သဲပေါ်မှာပဲ မှတ်သားကြဖို့နဲ့ ကျေးဇူးတရားတွေ ကိုတော့ ကျောက်ထက် အက္ခရာ တင်ဖို့အတွက် ကျွန်တော်တို့တွေ ကြိုးစားကြရ အောင်လား။

ဒီပုံပြင်လေးကို ဖတ်ပြီး သူငယ်ချင်း မိတ်ဆွေတွေ ကြားထဲမှာ ပေါင်းသင်း ဆက်ဆံရေး ကောင်းပြီး ပျော်ရွှင်စရာ ဘဝကို ပိုင်ဆိုင်နိုင် ကြမယ်လို့ မျှော်လင့် ပါတယ်။

Post a Comment

0 Comments