တခါက တနိုင်ငံလုံးမှာ မြားပစ် ချန်ပီယံဆု ရလာတဲ့ လူငယ်တယောက်ဟာ သူ့ဇာတိ ရွာကလေးကို ခဏ ပြန်လာတယ်။
ရွာမှာ အရင်က မြားပစ် ချန်ပီယံ ဖြစ်ခဲ့ပြီး အခုတော့ တရားထိုင်တာပဲ လုပ်နေတဲ့ အဖိုးကြီးကို သူက မြားပစ်ပြိုင်ဖို့ စိမ်ခေါ် လိုက်တယ်။
အဖိုးကြီးက သိပ် စိတ်မပါ ပေမယ့် လူငယ်ရဲ့ စိမ်ခေါ်မှုကို လက်ခံလိုက် ပါတယ်။ ရွာအပြင်နားက ကွင်းပြင်တခုမှာ ပြိုင်ပွဲ စလုပ်တယ်။
လူငယ်က အရင် စပြီး မြားပစ်တယ်။ သူ့ရဲ့ ပထမဆုံး မြားဟာ ခပ်လှမ်းလှမ်းမှာ ထောင်ထားတဲ့ မြားပစ် စက်ကွင်းရဲ့ အလယ်ခေါင် ဗဟိုချက်မ တည့်တည့်မှာ သွားစိုက်တယ်။ လူငယ်ဟာ နောက်ထပ် မြားတစင်းကို ထပ်ပြီး ပစ်လွှတ်လိုက် ပြန်တယ်။
ဒုတိယမြားဟာ ပထမ မြားတံကို နှစ်ခြမ်း ဖြစ်သွားအောင်ခွဲပြီး စက်ကွင်း ဗဟိုချက်မမှာ သွားစိုက်ဝင် ပြန်တယ်။ လူငယ်က အဖိုးကြီးကို ဘယ်လိုလဲ ဆိုတဲ့ မထိတထိ ပြုံးပြရင်း "ခင်ဗျားရဲ့ အလှည့် ရောက်ပြီ" လို့ ပြောလိုက်တယ်။
အဖိုးကြီးဟာ မြားမပစ် သေးဘဲ လူငယ်ကို သူ့နောက်ကို လိုက်ခဲ့လို့ ပြောလိုက်တယ်။ လူငယ်လည်း ဘုမသိ ဘမသိနဲ့ ရှေ့ကသွားတဲ့ အဖိုးကြီးနောက်က လိုက်သွားတယ်။
သူတို့ဟာ တောအုပ်ထဲက ချောက်အနက်ကြီး တခုရဲ့ အစွန်ဖျားကို ရောက်သွားကြတယ်။ အဖိုးကြီးက ချောက်နက်ကို ခွပြီး တံတားအဖြစ် ခင်းထားတဲ့ သစ်တုံးကြီးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။
သစ်တုံး အလယ်လောက်မှာ အဖိုးကြီးဟာ ရပ်လိုက်ပြီး လူငယ်ကို ပြောလိုက်တယ်။ ခပ်လှမ်းလှမ်းက သစ်ပင်ကြီး တပင်ရဲ့ ပင်စည်မှာ ပေါ်နေတဲ့ အဝိုင်းကွက်ကို ပစ်မှတ်ထားပြီး ပြိုင်မယ်လို့ ပြောလိုက်တယ်။ လူငယ်ကလည်း သဘောတူတယ်။
အဖိုးကြီးဟာ တည်တည် ငြိမ်ငြိမ်နဲ့ မြားတံတချောင်းကို မြားအိမ်ထဲက ထုတ်ယူပြီး ပစ်လွှတ် လိုက်တယ်။ မြားဟာ ပစ်မှတ်အဖြစ်ထားတဲ့ သစ်ပင်အဝိုင်းရဲ့ အလယ်ခေါင် တည့်တည့်မှာ စိုက်ဝင်သွားတယ်။
အဖိုးကြီးက လူငယ့်အလှည့် လို့ ပြောပြီး သစ်တုံးပေါ်က ဆင်းပေးလိုက်တယ်။ လူငယ်ဟာ သစ်တုံးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။ အောက်မှာလည်း ချောက်က အနက်ကြီး။
အောက်ကို ပြုတ်ကျရင် သေမှာ သေချာတယ်။ လူငယ်ဟာ ကြောက်နေတယ်။ ဒါပေမဲ့ သူဟာ သူ့ကိုယ်ကို သစ်တုံးပေါ်မှာ တည့်မတ်အောင် ကြိုးစားထိန်းရင်း မြားတစင်းကို ပစ်လွှတ် လိုက်တယ်။
မြားဟာ ပစ်မှတ် အဝိုင်းနဲ့ အဝေးကြီးကို လွဲချော်သွားတယ်။ အဖိုးကြီးက လူငယ်ကို ခုလို ပြောလိုက်တယ်။ "မင်းဟာ မြားပစ်ရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အာရုံစူးစိုက်မှုက အားနည်းတယ်" တဲ့။ ဗန်းမော်သိန်းဖေ
0 Comments