ရပ်ကွက် တခုမှာ ကိုထွန်းနဲ့ မကြည်ပြာ ဆိုတဲ့ လင်မယား သားသမီး သုံးယောက် မွေးဖွား ထားတယ်။ ကိုထွန်းဟာ အရက်ကျေးကျွန် ဖြစ်သွားပြီ။
အရက်က လွဲလို့ သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလည်း သူ ဂရုမစိုက်တော့ သားသမီး သုံးယောက် ကိုလည်း စိတ်မဝင်စားတော့။ သူသိတာက မကြည်ပြာဆီက ရမဲ့ အရက်ဖိုး မနက် ၂၀၀၊ နေ့လည် ၂၀၀၊ ညနေ ၂၀၀။ ဒါပဲ သူ သိတော့တယ်။
မကြည်ပြာကတော့ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီး ကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်း အတွက် အရက်ဖိုး ကိုပါ နေ့စဉ် ပင်ပန်းကြီးစွာ ရှာဖွေနေ ရတယ်။
ဒါကို မကြည်ပြာရဲ့ အမတွေ အဒေါ် တွေက မကျေနပ်ကြ တော့ဘူး။ အဲဒါနဲ့ မကြည်ပြာကို ခေါ်ဆူ ကြတယ်။
"ညည်း ဒီလောက် ယောက်ျား ရှားနေလား၊ ညည်း ဒီလောက် ယောက်ျား အပေါ် ချစ်နေတာလား၊ ညည်း ဒီလောက် အရှက်မဲ့နေ ရလား၊ ဆွေမျိုးတွေပါ သိက္ခာ ကျရတယ်။
သူ ရှိနေလည်း ကိုယ့်ဟာကိုယ် လုပ်စားနေ ရတယ်။ သူ မရှိတော့ရင်လည်း ကိုယ့်ဟာကိုယ် လုပ်စားရမှာပဲလေ။ ဘာလို့ ဒီလောက် သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေး ရှာကျွေးပြီး နှိပ်စက်တာ ခံနေရတာလဲ"
ညည်း သူနဲ့ မကွာသေးဘူးလား ဘာလား ညာလားပေါ့။ မကြည်ပြာက အဒေါ်တွေ။ အမတွေ ပြောသမျှကို အေးဆေးစွာနားထောင်နေ လိုက်တယ်။
ပြီးတော့မှ အခုလို ပြန်ပြောလိုက်တယ်။ "အဒေါ်တို့ အမတို့ ပြောတာ မှန်ပေမဲ့ ကိုထွန်းကို ကျမ မကွဲနိုင်ပါဘူး။ ယောက်ျားရှားလို့ သူ့ကို ချစ်လွန်းလို့ ကျမ ဒုက္ခတွေ ခံပြီး သူနဲ့ ပေါင်းနေတာ မဟုတ်ပါဘူး။
ကျမ မွေးထားတဲ့ ကလေး သုံးယောက်မှာ သူများတွေနဲ့ တန်းတူ အဖေ လို့ ခေါ်ခွင့် ရဖို့ သူများ ကလေးတွေနဲ့ တန်းတူ အဖေလို့ ခေါ်လိုက်ရင် ဟေ လို့ ပြန်ထူးဖို့ သူ့ကို ကျမ သားသမီးလေးတွေ အတွက် အဖေ ခေါ်ခ ပေးနေတာပါ။
ကျမ အရွယ်ရှိသေးတာ နောက်အိမ်ထောင် ပြုလို့ ရနိုင်တာက မှန်ပေမဲ့ ကျမ ကလေးတွေအတွက် ပထွေးကို အဖေ လို့ အခေါ် မခံနိုင်ပါဘူး။ ကိုထွန်းကို ပေးနေတာ အရက်ဖိုး မဟုတ်ပါဘူး။ ကျမ သားလေးတွေ သမီးလေးတွေ အတွက် အဖေ ခေါ်ခ ပေးနေတာပါ"
အဒေါ်တွေ အမ တွေမှာ ခေါင်းငိုက် စိုက်ကျ သွားပါတော့တယ်။ မကြည်ပြာ မှန်လား၊ မှားလား။ စာဖတ်သူရဲ့ သဘော ထားအမြင်လေး ရေးခဲ့ပေးပါ။ လွတ်လပ်စွာ အမြင် ကွဲပြားခွင့် ရှိပါတယ်။ အတိတ်ခေတ်
0 Comments