တခါက ဘုရင့်သားနှင့် အမတ်ကြီးသည် နိုင်ငံရပ်ခြားမှ လာသော ကုန်သည်များရဲ့ ဈေးသို့ သွားကြည့် ကြသည်။ မမြင်ဘူး မတွေ့ဘူးသော ပစ္စည်းများကား ပြည့်နှက်နေ သဖြင့် မင်းသားကား အရာ အားလုံးကို ထူးဆန်းစွာ လိုက်ကြည့်နေ၏။
ကျောက်သံပတ္တမြားနှင့် လက်ဝတ်ရတနာ များပါ ရောင်းချနေသည်ကို တွေ့သော် မင်းသားက အမတ်ကြီးအား မေး၏။
"အမတ်ကြီး လောကတွင် ဈေးအကြီးဆုံး အရာကား မည်သည့်အရာ ဖြစ်သနည်း"
အမတ်ကြီးက "အရှင့်သား ရွှေငွေပစ္စည်း များစွာတို့သည် အခကြေးငွေ ပေးပြီး ဝယ်ယူလို့ ရ၏။ အချိန်ကား အခကြေးငွေ ပေး၍ ဝယ်ယူ၍ မရ၊ ဆွဲဆန့် ၍သာ ရ၏။ ထို့ကြောင့် အချိန်ကား ဈေးကြီး ပေသည်"
ဘုရင့်သားက "ထို့ထက် ဈေးကြီးတာ ရှိသေးသလော"
"ရှိပါသည် အရှင့်သား။ လောကတွင် ဈေးအကြီးဆုံး အရာကား ယုံကြည်မှု ဖြစ်ပေသည်။ ယုံကြည်မှု ဆိုသည်မှာ ဈေးကြီးလှ စွာသော အချိန်များ အလွန်အကျွံ သုံးပြီးမှ ရရှိတတ်၏။
ယုံကြည်မှု ဆိုသည်မှာ သစ်ပင်နှင့် တူ၏။ အချိန်ပေး၍ ရေလောင်း ရ၏၊ ပြုစုရ၏။ ကြီးထွားလာဖို့ကို နှစ်ပေါင်းများစွာ စောင့်ရ၏။ ယုံကြည်မှု သည်လည်း ထိုနည်းလည်းကောင်း ဖြစ်ပေသည်။
လူတယောက်နဲ့ တယောက် ယုံကြည်မှုကို ရဖို့ နှစ်ပေါင်းများစွာ ပေါင်းဖက် နေထိုင်မှသာ ရရှိပေသည်။ သို့ပေမယ့် နှစ်ပေါင်းများစွာ ပြုစုလာတဲ့ သစ်ပင်ကို ခုတ်ပစ်ဖို့မှာ နေ့တပိုင်းမျှပင် အချိန် မကုန်ပေ။
လူတယောက်နှင့် အနှစ်နှစ် အလလ ဆောက်တည်ထားတဲ့ ယုံကြည်မှုကို စကားတခွန်း ဖြင့်ပင် ဖျက်ဆီးပစ် နိုင်သည်။ ထို့ကြောင့် ယုံကြည်မှုကား ဈေးအကြီးဆုံး ဖြစ်ပေသည်။
အရှင့်သား ချစ်သူခင်သူ၊ လင်မယား အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မောင်နှမ အချင်းချင်း ဝေးကွာရခြင်း၏ အကြောင်းသည် ယုံကြည်မှုကို အခြေခံ လေသည်။ မလိုသူရဲ့ စကားတခွန်းကြောင့် ထိုယုံကြည်မှုကို ပျက်ပြယ်ချင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် အနှစ်နှစ် အလလ တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုသာ မပျောက်ပျက်အောင် ဉာဏ်နှင့် ယှဉ်၍ စောင့်ထိန်းလော့"
ထို့နောက် အမတ်ကြီးနှင့် ဘုရင့်သားလည်း ဈေးမှ ပြန်လာခဲ့လေသည်။ Mg Sai
0 Comments