အသွင်တူတိုင်း အရည်အချင်း မတူဘူး

ဟိုရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားဟောင်းဟာ ဟိမဝန္တာအရပ်မှာ သစ်တောက်ငှက် ဖြစ်နေတယ်။ ခဒိရဝနိယ အမည်ရှိပြီး ရှားတောမှာ ကျက်စားလေ့ ရှိတယ်။ မိတ်ဆွေ သစ်တောက်ငှက် တကောင်ကတော့ ကလန္ဒကအမည်နဲ့ ထင်ရှားပြီး လက်ပံတော၊ ကသစ်တောတွေမှာ ကျက်စားလေ့ ရှိတယ်။

တနေ့တော့ ကလန္ဒကဟာ မိတ်ဆွေ ခဒိရဝနိယ သစ်တောက်ငှက်ဆီကို လာတယ်။ ခဒိရဝနိယက မိတ်ဆွေ လာလည်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။

ကလန္ဒကကို ရှားတောထဲကို ခေါ်သွားတယ်။ ရှားပင်တုံးကို နှုတ်သီးနဲ့ ပေါက်ကာ သစ်ပိုးကောင်တွေကို ထုတ်ပြီး ကလန္ဒကကို ပေးတယ်။ ကလန္ဒကလည်း ပေးလာသမျှ သစ်ပိုးတွေကို မြိန်မြိန်ရှက်ရှက် ဖြတ်တောက် စားသောက်တယ်။

ကလန္ဒကက ပိုးတွေကို စားနေရင်း "ခဒိရဝနိယလည်း သစ်တောက်ငှက်ပဲ။ ငါလည်း သစ်တောက်ငှက်ပဲ။ ငါက ခဒိရဝနိယ ပေးတဲ့ ဟာကို စားနေရတာ ဘယ်အကျိုးရှိ မှာလဲ။ မိမိကိုယ်တိုင် ရှားတောထဲမှာ အစာရှာ စားတော့မယ်" လို့ တွေးမိတယ်။

အဲဒီလို မာန်မာန တက်လာတဲ့ ကလန္ဒကက "အဆွေ၊ ငါစားဖို့အတွက် သင်အပင်ပန်း မခံပါနဲ့တော့။ ငါကိုယ်တိုင် ဒီရှားတောထဲမှာ အစာကို ရှာစားတော့မယ်" လို့ ပြောတယ်။

အဲဒီအခါ ခဒိရဝနိယက "အဆွေ၊ သင်ဟာ အနှစ်မရှိတဲ့ လက်ပံတော၊ ကသစ်တောမှာ ကျက်စားလာသူ ဖြစ်တယ်။ ရှားပင်တို့ဟာ အနှစ် ပါကြတယ်။ ချင်ချင် မြည်အောင် မာတယ်။ သင်ကိုယ်တိုင် အစာ ရှာစားဖို့ စိတ်မကူးပါနဲ့" လို့ သတိပေးတယ်။

"အဆွေ၊ ငါလည်း သင့်လို သစ်တောက်ငှက်မျိုးပဲ မဟုတ်ဘူးလား" လို့ ပြောပြီး ခဒိရဝနိယ စကားကို နားမထောင်၊ လျင်မြန်စွာ ပျံသွားပြီး ခဒိရဝနိယကို တုပြိုင်ကာ ရှားပင်တုံးကို နှုတ်သီးနဲ့ တအား ပေါက်တော့တယ်။

ခဏကြာတော့ နှုတ်သီး ပြတ်သွားတယ်။ မျက်လုံးလည်း ပြူးထွက်လာတယ်။ ဦးခေါင်းလည်း ကွဲသွားတယ်။ ပင်စည်ပေါ်မှာတောင် မနားနိုင်တော့ပဲ မြေပေါ်ကို ဘုံးဘုံးကျတယ်။

"အဆွေ ခဒိရဝနိယ၊ ငါဟာ နှုတ်သီးနဲ့ တချက်တည်း ပေါက်မိရုံနဲ့ ငါ့ဦးခေါင်း ကွဲခဲ့ပြီ။ အဆူးရှိပြီး အရွက်ငယ်တွေ ပါတဲ့ ဒီသစ်ပင်ဟာ ဘာသစ်ပင် ပါလဲ" လို့ မေးတယ်။

ခဒိရဝနိယလည်း ကလန္ဒကရဲ့ စကားကို ကြားတဲ့အခါ "အဆွေ ကလန္ဒက၊ အသင်ဟာ သစ်တောက်ငှက်ပင် ဖြစ်ပေမဲ့ အနှစ်မရှိတဲ့ လက်ပံတော၊ ကသစ်တောတို့ မှာသာ ထွင်းဖောက် ကျက်စားခဲ့တယ်။

ယခုတော့ ပင်စည်မှာ အနှစ်ရှိတဲ့ ရှားတောကို လာရောက် ကျက်စားတဲ့အခါ သင့်ဦးခေါင်း ကွဲရပြီ။ ဒီသစ်ပင်ဟာ အနှစ် ရှိတဲ့ ရှားပင် ဖြစ်ပါတယ်" လို့ ပြောလိုက်တယ်။ ကလန္ဒကလည်း အဲဒီ အရပ်မှာပင် သေလွန်သွား ပါတော့တယ်။ Crd

Post a Comment

0 Comments