တခါက ကြက်မ သားအမိ နှစ်ကောင် ရှိသတဲ့။ တနေ့တော့ ကြက်ကလေးက ကြက်မကြီးကို မေးတယ်။ "မေမေ ဒီနေ့ ဥ မဥလို့ ရလား သားတို့ အပြင်ထွက် လျှောက်လည် ကြမယ်လေ"
ကြက်မကြီးက "မရဘူးသား၊ မေမေ့အလုပ် ရှိသေးတယ်"
"ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီလေ" လို့ ကြက်ကလေးက ပြန်ပြောတယ်။ ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်။
"အမေ တနေ့ ဥတလုံး ဥမှ လယ်သမားကြီးရဲ့ ဟင်းခွက်ထဲ မရောက်မှာ။ မှတ်ထားပါ သား။ အသက်ရှင် ရပ်တည်မှု ဆိုတာ ဖန်တီး ထုတ်လုပ်မှုရဲ့ တန်ဖိုး၊ သေဆုံးမှု ဆိုတာ အဲဒီ တန်ဖိုး မဲ့သွားလို့။
အရင်က လုပ်ခဲ့သမျှက အနာဂတ် နေရာမြဲဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူး။ အဲဒါကြောင့် နေ့တိုင်း နေ့တိုင်း ကြိုးစား အားထုတ်ရမယ်။
တကယ်လို့ မင်းက သိမ်းငှက်တကောင် ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ် မတီးလည်း မင်း အမြင့်ပေါ်မှာ ပျံသန်းနေရမယ်။ တကယ်လို့ မင်းက မြက်ကလေးတပင် ဆိုရင် ဘယ်သူမှ တန်ဖိုး လာမထားလည်း မင်း ရှင်သန်ရမယ်။
တကယ်လို့ မင်းက ချောက်ကမ်းပါး ပေါ်က ပန်းတပွင့် ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူ မရှိလည်း မွှေးကြိုင် သင်းပျံ့ နေရမယ်။
တကယ်လို့ မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှု မရှိလည်း မင်းရဲ့ ဖန်တီးမှုကို အမြဲ ပြုလုပ်နေ ရမယ်။ အလုပ် လုပ်တာ လူတိုင်း အားပေးမှ မင်းအလုပ် လုပ်ရမှ မဟုတ်ပါဘူး။ အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာဝန်ပါ။
အသက်ရှင် ရပ်တည်ဖို့ လူတိုင်း အချစ်ခံဖို့ မလိုပါဘူး။ အရိုးစင်းဆုံး နေသွားဖို့သာ မင်းတာဝန်ပါ။ ကိုယ့်ရဲ့ ရည်မှန်းချက် အတွက် တပါးသူရဲ့ ပြက်ရယ် လှောင်ဖွဲ့ခြင်းကို ခံရမယ်၊ အဲတော့ ဘာဖြစ်လဲ။ သူတို့ ပြက်ရယ်ကို အောင်မြင်မှုဆီ တပါတည်းခေါ်သွားပြီး အလှဆင် လိုက်ပေါ့။
စိတ်အား ကျနေစဉ် မျက်နှာမှာ မပေါ်လွင် စေပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မမြင်ချင်လို့ပါ။ ဆင်းရဲ ကျပ်တည်းနေလည်း ပါးစပ်က ထုတ်မပြောပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေး လို့ပါ။
အလုပ်အကိုင် အရမ်း ပင်ပန်းနေလည်း ထုတ်ဖော် မညဉ်းညူ လိုက်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအစားထိုး မလုပ်ပေးပါ။ အသက်ကြာကြာ မရှင်ရတော့လည်း မကောင်းမှုကို မပြုပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်း မရှိလို့ပါ။
အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက် မသေဆုံးလိုက် ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ နောက်မနက်ဖြန် များစွာ ကျန်ရှိနေသေးလို့ ဖြစ်တယ်။
မင်းဘယ်လောက် ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ ရိုသေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာလည်းအိုရမယ့် တရက် ရှိလို့ ဖြစ်တယ်။
တပါးသူ ကျနော့် နောက်ကျော ဓားနဲ့ထိုးမှာ မကြောက်ပါဘူး၊ အေး ထိုးတဲ့သူက မင်းအချစ်ဆုံးသူ မဖြစ်နေ စေနဲ့။ ကျနော့်စိတ်ထဲ ရှိသမျှ အချစ်ဆုံး သူငယ်ချင်းကို ပြောဖို့ ဝန်မလေးပါဘူး၊ အေး သူက မင်းကိစ္စကို သူများနဲ့ ဟာသတပုဒ်လို အပြော မခံမိစေနဲ့။
တကယ်လို့ ဝမ်းနည်းစရာ တစုံတစ်ခုကို ကြုံတွေ့တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပါ၊ သူ ဒီလောက်ကြီးတာ မင်းဝှက်ထားစရာ နေရာတခုတော့ ရှိမှာပေါ့။
မင်းကို ကူညီခဲ့ဖူးတဲ့ သူကို မင်းမမေ့နဲ့၊ မင်းကို ချစ်ခဲ့ဖူးတဲ့ သူကို စိတ်ဒဏ်ရာရအောင် မလုပ်နဲ့၊ မင်းကို ယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။
အချိန်က အရာအားလုံးကို သက်သေပြ နိုင်တယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ ဒါပေမယ့် မင်း အရာအချို့ကို နားလည်သဘောပေါက် နိုင်မယ်လို့ အာမခံ နိုင်တယ်" phoomyatchal
0 Comments