ငွေလုံးဝမကုန်ဘဲ သင့်ကို ပြောင်းလဲလှပသွားစေမယ့်နည်းလမ်း (၈) ခု

အသက်ကြီးတဲ့အထိ ကျန်းမာနုပျိုနေဖို့အတွက် ကျန်းမာရေးကိုသာမက ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အသွင်အပြင်ကို အခြားသူတစ်ယောက်လို ပြောင်းလဲသွားစေဖို့ ငွေတွေအများကြီး မလိုအပ်ပါဘူး။ ငွေလုံးဝမကုန်ဘဲ သင့်ကို ပြောင်းလဲလှပ သွားစေမယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေးနှစ်ထပ်ဖြစ်နေတာကို ပျောက်သွားစေဖို့ လေ့ကျင့်ခန်းများ

မေးနှစ်ထပ်ဖြစ်နေတာက သင့်ကို အသက်ပိုကြီးတယ်လို့ထင်ရစေပါတယ်။

- ခေါင်းကို ၁၀ စက္ကန့်ကြာအေင် မော့ထားပါ။ အဲဒီနောက် မူလအနေအထားအတိုင်း ပြန်နေပါ။

- နောက်တစ်နည်းကတော့ ခေါင်းကို မော့ပြီး ညာဘက်ကို စောင်းလိုက်၊ ဘယ်ဘက်ကို စောင်းလိုက် ၁၀ စက္ကန့်ကြာပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေကိုတော့ တစ်နေ့ကို ၅ ကြိမ်ခန့် ပြုလုပ်ပေးလို့ရပါတယ်။

၂။ အသားအရေကြည်လင်လာစေဖို့ ကော်ဖီမှုန့် scrub

ကော်ဖီအကြမ်းမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် ရေချိုးတဲ့အခါမှာ မျက်နှာနဲ့ခန္ဓာကိုယ်ကို ကြေးချွတ်ဖို့ အသုံးပြုနိုင်ပါတယ်။ ကော်ဖီ scrub က cellulite တွေကို လျော့ပါးစေပြီး သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။ အသားအရည်ကိုလည်း ကြည်လင်လာစေပါတယ်။

၃။ အိမ်မှာတင်ပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်ဖို့အတွက် ငွေအများကြီး သုံးစရာမလိုပါဘူး။ အိမ်မှာလည်း ပြုလုပ်လို့ ရပါတယ်။ ဒမ်ဘယ်တုံးတွေအစား ရေဖြည့်ထားတဲ့ ရေဘူး၊ အခြားလေးလံတဲ့ပစ္စည်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အချိန်ပေးပြီး လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ လအနည်းငယ်အတွင်း လိုချင်တဲ့ခန္ဓာကိုယ်ကို ပုံဖော်လို့ရနိုင်ပါတယ်။

၄။ အင်တာနက်က လေ့ကျင့်ခန်း ဗီဒီယိုများ

အင်တာနက်မှာ ခန္ဓာကိုယ်လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေအများကြီးရှိတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့က မခက်ခဲတော့ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း၊ ပေါ့ပါးတဲ့လေ့ကျင့်ခန်း၊ ယောဂ၊ zumba အက စတဲ့လေ့ကျင့်ခန်းအမျိုးမျိုးက သင့်ကို အခြားတစ်ယောက်လို ပြောင်းလဲလှပသွားစေမှာပါ။

၅။ ခန္ဓာကိုယ်က အမွေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် sugar wax

ဆိုင်မှာသွားပြီးတော့ အမွေးအမျှင်ရှင်းဖို့ အချိန်မရတဲ့အခါ အိမ်မှာတင် sugar wax ကို ပြုလုပ်နိုင်ပါတယ်။ သကြား ၂ခွက်၊ သံပုရာရည် ခွက်ရဲ့ ၄ ပုံတစ်ပုံ၊ ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကို ရောမွှေပြီး သကြားက ညိုဖျော့ဖျော့ရောင်ရလာတဲ့အထိ အပူပေးပါ။

အဲဒီနောက် အခြားပန်းကန်တစ်လုံးထဲ ပြောင်းထည့်ပြီး အအေးခံထားပါ။ အမွေးအမျှင်တွေကို မရှင်းခင်မှာ အရေပြားကို အရင်ဆုံး သန့်ရှင်းရေးလုပ်ပါ။ ပေါင်ဒါအနည်းငယ်ဖြူးပြီး အမွေးအမျှင်တွေ ပေါက်ရာလမ်းကြောင်းအတိုင်း sugar wax ကို လိမ်းလိုက်ပါ။ အနည်းငယ်ကြာပြီးနောက်မှာတော့ sugar wax ကို ခွာလိုက်ပါ။

၆။ အကလေ့ကျင့်ခန်းများ

ကတာက ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကိုယ်နေဟန်ထားလည်း မှန်လာစေပါတယ်။ ကတဲ့လေ့ကျင့်ခန်းတွေကြောင့် နှလုံးနဲ့ အဆုတ်ကျန်းမာရေး ကောင်းလာပြီး ကြွက်သားတွေလည်း သန်မာလာပါတယ်။ ကိုယ်အလေးချိန်လည်း သိသိသာသာ လျော့ကျသွားစေပါတယ်။

၇။ ရေခဲတုံးလေးများ

ရေခဲတုံးလေးတွေကလည်း သင့်ကို လှပစေနိုင်ပါတယ်။ မျက်ကွင်းညိုတဲ့အခါမှာ ရေခဲတုံးလေးနဲ့ ၁၀မိနစ်ခန့် ကြာအောင် ပွတ်တိုက်ပေးပါ။ ဝက်ခြံတွေ သေးသွားအောင်လည်း ရေခဲတုံးက ကူညီပေးပါတယ်။ ရေခဲတုံးလေးကို မျက်နှာအနှံ့ လိုက်ပွတ်ပေးရင် မျက်နှာက သွေးလည်ပတ်မှု အားကောင်းလာစေပါတယ်။

၈။ အိပ်ရာခင်းကို မကြာခဏလျှော်ပါ။

အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေက အရေပြားနဲ့ အချိန်ကြာကြာ ထိတွေ့ဖြစ်ကြပါတယ်။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်တွေ၊ အဆီတွေ၊ ဘက်တီးရီးယားတွေအများကြီးကပ်နေတတ်ပါတယ်။

အဲဒါကြောင့် မကြာခဏ ဝက်ခြံတွေလည်း ထွက်လာစေမှာပါ။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို မကြာခဏလျှော်ပေး၊ လဲပေးတာက အရေပြားပြဿနာတွေကို နည်းပါးသွားစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments